ONE: Masters of Destiny ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၅ တွဲ

ONE: Masters of Destiny ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၅ တွဲ

ကမ္ဘာ့ အကောင်းဆုံး ကိုယ်ခံပညာရှင်များ၏ အကြိတ်အနယ် ယှဉ်ပြိုင်ရသော တွဲဆိုင်းများကို ကျင်းပလေ့ရှိသည့် ONE Championship ပြိုင်ပွဲကြီး၏ ၂ဝ၁၉ ခုနှစ်အတွင်း ပထမဆုံး မလေးရှားပြိုင်ပွဲဖြစ်သော ONE: Masters of Destiny ကို လာမည့် ဇူလိုင် ၁၂ တွင် ကွာလာလမ်ပူ၌ ကျင်းပတော့မည်ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၁၅ တွဲယှဉ်ပြိုင် ကြမည့် အဆိုပါပြိုင်ပွဲတွင် ONE ဖယ်သာဝိတ်တန်း Kickboxing World Grand Prix ကွာတားဖိုင်နယ် ပြန်ထိုးပွဲကို အဓိကပွဲအဖြစ် သတ်မှတ်ထားကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ တွဲဆိုင်းများ၊ Kickboxing နှင့် မွေထိုင်းတွဲဆိုင်းများ ပါဝင်မည်ဖြစ်သည်။ ယင်းတွဲဆိုင်းများအနက်မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်းများကို စုစည်းတင်ပြ လိုက်ရပါသည်။

Angela Lee နှင့် Michelle Nicolini

ONE ၏ အမျိုးသမီး အက်တမ်ဝိတ်တန်းချန်ပီယံ Angela “Unstoppable” Lee နှင့် ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ ၈ ကြိမ် ဖြစ်ဖူးသည့် ဘရာဇီးသူ Michelle Nicolini တို့၏ ပွဲသည် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတစ်ပွဲဟုပင် ဆိုနိုင်သည်။ Lee သည် ပြီးခဲ့သည့် Xiong Jing Nan နှင့်ပွဲမှ စတင်ကာ အက်တမ်ဝိတ်တန်းမှ စတောဝိတ်တန်းသို့ တက်ရောက်ယှဉ်ပြိုင်နေခဲ့ခြင်းဖြစ်ပြီး ယခုပွဲသည် ဒုတိယမြောက်ပွဲ ဖြစ်သည်။

ပွဲဦးထွက်ပွဲတွင် လက်ရှိချန်ပီယံနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ငါးချီနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သဖြင့် Lee သည် စတောဝိတ်တန်းအတွက် အလားအလာကောင်းသူဟု သတ်မှတ်နိုင်သည်။ ယင်းပွဲရှုံးနိမ့်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ ချန်ပီယံကို နောက်တစ်ကြိမ် စိန်ခေါ်ခွင့်ရရန် ကြိုးစားနေသည့် Lee သည် ယခုပွဲကို အရည်အချင်း စစ်ပွဲသဖွယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဂျူဂျစ်ဆု ဘုရင်မ Nicolini သည်လည်း နိုင်ငံတကာ အားကစားပွဲများတွင် ရွှေတံဆိပ်များ အလီလီ ဆွတ်ခူးခဲ့ပြီးနောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းနေသူ ဖြစ်သည်။ ONE Championship နှင့် စာချုပ်ချုပ်ဆိုပြီးသည့်နောက် သုံးပွဲဆက်တိုက် အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ချန်ပီယံစိန်ခေါ်သူအဖြစ် အရည်အချင်းမီကြောင်း သက်သေပြလိုသူလည်း ဖြစ်သည်။

ထို့ကြောင့် ရည်မှန်းချက်ခြင်းတူနေသည့် အမျိုးသမီးကစားသမားနှစ်ဦး၏ ထိပ်တိုက် တွေ့ဆုံမှုသည် ပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

Ev Ting နှင့် Daichi Abe

နာမည်ကြီး မလေးရှား-နယူးဇီလန် ကစားသမား Ev “ET” Ting နှင့် ဂျပန် Pancrase ပြိုင်ပွဲမှ ဝယ်တာဝိတ်တန်း ချန်ပီယံ Daichi Abe တို့ ပွဲမှာလည်း စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။ အာရှ၊ နယူးဇီလန်နှင့် သြစတြေးလျတို့တွင် အရည်အချင်းကို အစမ်းသပ် ခံခဲ့ဖူးသည့် အတွေ့အကြုံရင့် ကစားသမား Ev Ting သည် လိုက်ဝိတ်တန်းတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သူ ဖြစ်သည်။ ONE Championship သို့ ရောက်လာပြီး နောက်ပိုင်း ပွဲပေါင်း ၁၄ ပွဲ ကစားခဲ့ရာ ၁ဝ ပွဲနိုင်ခဲ့သည့် Ev Ting သည် လိုက်ဝိတ်တန်း ချန်ပီယံဆု အတွက်ပင် စိန်ခေါ်ထိုးသတ် ခဲ့ဖူးသူဖြစ်သည်။

Pancrase ချန်ပီယံ Abe ကလည်း ငယ်စဉ်က Kickboxing ကစားသမား တစ်ဦးဖြစ်ကာ ဟဲဗီးဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုများ ရရှိခဲ့ဖူးသည်။ စုစုပေါင်း နိုင်ပွဲ ၁၄ ပွဲ ရခဲ့ရာတွင် ၇ ပွဲကို အလဲထိုးခဲ့သူ Abe သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်လာသည့် အခါတွင်လည်း ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဖြစ်လာသဖြင့် UFC က သူ့ကို ခေါ်ယူစာချုပ် ခဲ့သည်။

UFC တွင် တစ်နှစ်နီးပါး ပါဝင်ကစားခဲ့ပြီးနောက် ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ယခုပွဲသည် Ev Ting အတွက် လက်ရှိ ချန်ပီယံကို စိန်ခေါ်နိုင်ခွင့်ရရန် အရေးပါသည့် ပွဲတစ်ပွဲဖြစ်သလို Abe အတွက်လည်း ONE Championship တွင် ထိုက်တန်သည့် အောင်မြင်မှု တစ်ခု ရရှိရန် ကြိုးစားရမည့်ပွဲ ဖြစ်သောကြောင့် အကြိတ်အနယ် ရှိမည့်ပွဲ ဖြစ်သည်။

Abro Fernandes နှင့် Gurdarshan Mangat

အင်ဒိုနီးရှား ဘန်တန်ဝိတ်တန်းချန်ပီယံ အကြိမ်ကြိမ်ဖြစ်ဖူးသည့် Abro “The Black Komodo” Fernandes နှင့် အိန္ဒိယ၏ အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား Gurdarshan “Saint Lion” Mangat တို့၏ ပွဲကလည်း စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲများထဲမှ တစ်ပွဲဖြစ်သည်။ အင်ဒိုနီးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ONE Pride တွင် ရှုံးပွဲမရှိ ပွဲတိုင်းအနိုင် ရလဒ်ဖြင့် ချန်ပီယံ ဖြစ်ခဲ့သည့် Fernandes သည် အနောက်တိုင်း လက်ဝှေ့၊ နပမ်းနှင့် အင်ဒိုရိုးရာ ကမ်ပို ကိုယ်ခံပညာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။

ONE Championship ပွဲဦးထွက်တွင် ရှုံးပွဲတွေ့ခဲ့ရသဖြင့် အင်ဒိုနီးရှား၏ အကောင်းဆုံးကိုယ်ခံပညာရှင်တစ်ဦးအဖြစ် သက်သေပြနိုင်ရန် နိုင်ပွဲဆာလောင် နေသူဖြစ်သည်။

ကနေဒါ၏ Battlefield Fight League တွင် ဖယ်သာဝိတ်တန်း ချန်ပီယံဖြစ်ခဲ့သူ Mangat သည်လည်း ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွင် ပွဲပေါင်း ၁၆ ပွဲ ကစားခဲ့ရာ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ပွဲတိုင်းအနိုင်ရရှိထားသူဖြစ်သည်။ ကနေဒါတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သော်လည်း Mangat သည် အိန္ဒိယနိုင်ငံကို ကိုယ်စားပြုရန် ဆုံးဖြတ်ထားပြီး လက်ရှိ အိန္ဒိယကစားသမားများထဲတွင် အကောင်းဆုံး တစ်ဦးအဖြစ် ယူဆနိုင်သူ ဖြစ်သည်။

ONE Championship တွင် တစ်ပွဲစီသာ ကစားရသေးသည့် ၎င်းတို့နှစ်ဦး အတွက် ယခုပွဲသည် နယ်မြေသစ်တွင် အရည်အချင်း အစစ်အမှန်ကို ပြသရမည့်ပွဲ ဖြစ်ရာ ပြိုင်ဆိုင်မှု ပြင်းထန်မည့်ပွဲ ဖြစ်သည်။

Chuang Kai Ting နှင့် Janet Todd

ONE Championship တွင် Kickboxing နှင့် မွေထိုင်း အားကစားနည်းနှစ်ခု၌ ချန်ပီယံ ဖြစ်ထားသည့် Stamp Fairtex ကို ကျဉ်းမြောင်းသည့် ရလဒ်ဖြင့် ရှုံးနိမ့်ထားခဲ့ကြသူနှစ်ဦးဖြစ်သော “Killer Bee” Chuang Kai Ting နှင့် Janet “JT” Todd တို့၏ပွဲကိုလည်း စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲဟု ဆိုနိုင်သည်။ ONE Kickboxing အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံဟောင်း Chaung သည် နာမည်ကျော် K-1 ကစားသမားဟောင်း Wang Chung Yaun ၏ တပည့်ဖြစ်ပြီး ဂျပန် WAKO Kickboxing ပြိုင်ပွဲ၏ ချန်ပီယံလည်း ဖြစ်ခဲ့ဖူးသည်။

Chaungသည်Stampထံမှ၎င်း၏ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန်စိတ်အားထက်သန်နေသူလည်းဖြစ်သည်။ အမေရိကန်သူToddမှာမူPanAmericaမွေထိုင်းချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီးထိုင်းဂန္တဝင် မွေထိုင်းပညာရှင် Sangtiennoi Sor Rungroj ထံတွင် ပညာသင်ခဲ့ဖူးသူ ဖြစ်သည်။ ပညာရေးတွင် အာကာသသိပ္ပံ အင်ဂျင်နီယာ ဖြစ်သည်အထိ သင်ယူခဲ့ဖူးသော်လည်း လက်တွေ့အသုံးမချခဲ့ဘဲ ကိုယ်ခံပညာ လောကထဲ ခြေစုံပစ်ဝင်ခဲ့သူ Todd သည် ONE ၏ မွေထိုင်း ချန်ပီယံခါးပတ်ကို ရည်မှန်းချက် ထားနေသူ ဖြစ်သည်။

Kickboxing စည်းမျဉ်းများဖြင့် ယှဉ်ပြိုင်ကြမည့် ယခုပွဲတွင် ငယ်ရွယ်ဖြတ်လတ်သည့် Chaung နှင့် အတွေ့အကြုံ ရင့်ကျက်သည့် Todd တို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမည့် ပွဲဖြစ်သည်။

ဘိုဇီနာ အန်တိုနီယာနှင့် Bi Nguyen

ONE Championship ၏ တစ်ဦးတည်းသော မြန်မာအမျိုးသမီးကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာနှင့် ဗီယက်နမ်/အမေရိကန် ကစားသမား “Killer Bee” Bi Nguyen တို့ ပွဲကလည်း မြန်မာပရိသတ်များ စိတ်ဝင်စားမည့် ပွဲတစ်ပွဲ ဖြစ်သည်။ အနောက်တိုင်း လက်ဝှေ့တွင် ပြည်တွင်း ရွှေတံဆိပ်နှစ်ခုရခဲ့ဖူးသည့် အန်တိုနီယာသည် ONE Championship တွင် ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ် ရရှိထားသူ ဖြစ်သည်။ အင်ဒိုနီးရှားမှ Bali MMA တွင် စခန်းသွင်း လေ့ကျင့်ကာ တစ်ပွဲထက်တစ်ပွဲ လက်ရည် တက်လာနေသည့် အန်တိုနီယာ၏ အရည်အချင်းကို အစမ်းသပ်ခံရမည့်ပွဲ ဖြစ်သည်။

Nguyen သည် အမေရိကန် အခြေစိုက် ပြိုင်ပွဲများတွင် လှည့်လည်ကစားထားခဲ့ပြီး အတွေ့အကြုံများပြားသည့် ကစားသမား ဖြစ်ကာ ONE Championship တွင်လည်း ပွဲဦးထွက်ပွဲကို အနိုင်ကစားထားသည်။ Angela Lee ထံမှ အက်တမ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို လုယူရန် ကြုံးဝါးထားသည့် Nguyen အနေဖြင့် ၎င်း၏အရည်အချင်းကို သက်သေပြရန် ယခုပွဲတွင် ရလဒ်ကောင်း ရရှိအောင် ကစားရန် လိုအပ်နေသည်။

 မြန်မာပရိသတ်များ အနေဖြင့် မြန်ဆန်သွက်လက်ပြီး ဖျော်ဖြေမှုရသပေးနိုင်သည့် အမျိုးသမီး ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခံစားခွင့် ရကြမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly