အိမ်အကူ ဒေါ်ကရင်မ ဆွဲကြိုးခိုးယူခဲ့စဉ်က နစ်နစ်နာနာ ပြောဆိုခဲ့မှုများသာရှိဟု အိမ်ရှင်ဖြစ်သူထွက်ဆို

အိမ်အကူ ဒေါ်ကရင်မ ဆွဲကြိုးခိုးယူခဲ့စဉ်က နစ်နစ်နာနာ ပြောဆိုခဲ့မှုများသာရှိဟု အိမ်ရှင်ဖြစ်သူထွက်ဆို
 အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဟောင်းဖြစ်သူ ဒေါ်သင်္ဂီစုကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇူလိုင်လ ၉ ။         ။ သေဆုံးခဲ့သည့် အိမ်အကူ ဒေါ်ကရင်မအမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော  အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ ဒေါ်သင်္ဂီစုက ဒေါ်ကရင်မကို ၎င်း၏ ဆွဲကြိုးခိုးယူခဲ့စဉ်က နစ်နစ်နာနာ ပြောဆိုခဲ့မှု များသာရှိပြီး အခြားတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်နေ့၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဒေါ်သင်္ဂီစုကို ၂ ကြိမ်မြောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

" ဆွဲကြိုးခိုးခဲ့တယ်လို့ သူ(ဒေါ်သင်္ဂီစု)က စွပ်စွဲခဲ့တာတွေရှိတယ်။ အဲ့ဒီလို ကိစ္စတွေရှိခဲ့လို့ မကရင်မက သူ့အပေါ် မှာ စိတ်ဆိုးတယ်။ မကျေနပ်ချက်တွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအမှုမှာ မကျေနပ်လို့ သူ့ကို ဒီလောက်ထိ စွပ်စွဲတယ်လို့ သူကအခု ပြောချင်နေတယ်လေ။ ဒါပေမယ့်လို့ ပထမတရားလိုပြ သက်သေတွေတုန်းက မေးခွန်း တွေ မေးတုန်းက အဲ့ဒီလိုကိစ္စတွေကို အခုသူ ထွက်တဲ့ ထွက်ချက်တွေအတိုင်း ပြည့်ပြည့်စုံစုံ မေးမသွားခဲ့ဘူး။ အခု သူကိုယ်တိုင်ထွက်တဲ့အခါကျတော့မှ ဒီကိစ္စတွေကို ပြည့်ပြည့်စုံစုံ မေးတယ်။

မေးတာတွေကတော့ နောက်မှ အကြံရပြီးတော့မှ ခုခံချေပတယ်ဆိုတဲ့ အချက်အလက်တွေ ပါနေတယ်လို့တော့ ကျွန်မတို့က သုံးသပ်ကြည့်တာပေါ့နော်။ ဒါကတော့ အဲ့ဒီလို တကယ်ဟုတ်၊ မဟုတ် နောက်မှအကြံရပြီး ခုခံချေပမှု ဖြစ်ပါတယ်ဆိုတာ တိတိကျကျ ဟုတ်၊ မဟုတ်ဆိုတာကတော့ တရားရုံးက သုံးသပ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်"ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောသည်။

သေဆုံးသွားသည့် ဒေါ်ကရင်မအနေဖြင့်  ၎င်းတို့အိမ်တွင် အလုပ်စဝင်ခဲ့သည့်အကြောင်းများ ရင်းနှီးမှုအခြေအနေများနှင့် ဆွဲကြိုးခိုးယူသွားခဲ့သည့် အကြောင်းများကို ဒေါ်သင်္ဂီစုက တရားခွင်အတွင်း အသေးစိတ်ထွက်ဆိုခဲ့သည်။

ထိုသို့ ထွက်ဆိုမှုများတွင် ဒေါ်ကရင်မ ဆွဲကြိုးခိုးယူခဲ့သည့်အကြောင်းအရာကို ပိုမိုအသေးစိတ်ထွက်ဆိုခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဒေါ်သင်္ဂီစုမှာ ဒေါ်ကရင်မကိုပါ ခေါ်ဆောင်ပြီး ၎င်း၏ မိသားစုနှင့်အတူ ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ခရီးထွက်ခဲ့ကြောင်း၊  လားရှိုးတွင် နေထိုင်စဉ်တွင် ဒေါ်ကရင်မက ဆွဲကြိုးခိုးယူခဲ့သည့်အကြောင်း ထွက်ဆိုခဲ့သည်။

ဆွဲကြိုးခိုးယူပြီးနောက် ဒေါ်ကရင်မ ထွက်ပြေးသွားခဲ့သဖြင့် လားရှိုးရဲစခန်းတွင် လူပျောက်နှင့် ဆွဲကြိုးပျောက် ကနဦး သတင်းပေးတိုင်ကြားခဲ့ကြောင်း၊ ဒေါ်ကရင်မကို လားရှိုးဘူတာအနီးရှိ ရပ်ကွက်(၉) အုပ်ချုပ်ရေးမှူးရုံး တွင် ရောက်ရှိနေကြောင်း ရဲစခန်းမှ ဖုန်းဆက်အကြောင်းကြားသဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေါ်သင်္ဂီစုက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

အုပ်ချုပ်ရေးမှူးက စစ်မေးချိန်တွင် အကြွေးများဆပ်ရန်ရှိသဖြင့် ငွေလိုသည့်အတွက် ခိုးယူခဲ့ကြောင်း ဒေါ်ကရင်မက ဝန်ခံခဲ့ပြီး ဆွဲကြိုးဝှက်ထားသည့် နေရာအား လိုက်လံပြသခဲ့သဖြင့် ပြန်တွေ့ခဲ့ကြောင်း၊ စိတ်ဆိုးသဖြင့် ဒေါ်ကရင်မကို နစ်နစ်နာနာပြောဆိုခဲ့ပြီး လားရှိုးမှ ရန်ကုန်သို့ ပြန်ရောက်ချိန်တွင် ဆွဲကြိုးခိုးသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်ကရင်မကို တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဒေါ်သင်္ဂီစုက ထွက်ဆိုခဲ့သည်။

 ဒေါ်သင်္ဂီစုက အဆိုပါ ဖြစ်စဉ်တွင် ရဲစခန်းသို့ သတင်းပေးတိုင်ကြားထားသည့် အကြောင်းအရာကို ရိုက်ကူးထား သည့် ဓာတ်ပုံအပါအဝင် ဆွဲကြိုးပုံ၊ ၎င်းတို့ မိသားစုနှင့် ဒေါ်ကရင်မတို့ ကစားကွင်းသွားရောက်ထားသည့် ဓာတ်ပုံ၊ လားရှိုးမှ ရန်ကုန်သို့ ပြန်လာစဉ် ရထားပေါ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံတို့ကို တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းခဲ့ရာ ယင်းဓာတ်ပုံများမှာ သက်သေအထင်အရှားမပြနိုင်ခြင်း၊ ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိခြင်းတို့ကြောင့် ခရိုင်တရားသူကြီးက သက်သေခံအဖြစ် လက်မခံကြောင်း အမိန့်ချမှတ်လိုက် သည်။

နောက်ပိုင်းတွင် ဒေါ်သင်္ဂီစုက တရားခွင်အတွင်း ငိုပြီး ဒေါ်ကရင်မကို ညှင်းပန်းနှိပ်စက်ခဲ့ခြင်းမရှိကြောင်း၊ မိသားစုကဲ့သို့ ပြုမှုဆက်ဆံခဲ့ကြောင်းများပြောဆိုသဖြင့် တရားခွင်အတွင်း ဆက်လက် ထွက်ဆိုရန် အဆင်မပြေသည့်အတွက် စွပ်စွဲခံရသူရှေ့နေဘက်မှ လျှောက်ထားချက်အရ ရုံးချိန်းကို ရပ်နားခဲ့သည်။

တစ်နှစ်ကျော်ထိ တရားရုံး၌ စစ်ဆေးချက်နှင့် မျက်မြင်သက်သေများ အင်တာဗျူးဖြေဆိုထားမှုအရ ဒေါ်ကရင်မကို မသေဆုံးခင် တွေ့ရှိခဲ့သည့်အခြေအနေမှာ  ယခင်က ရွာတွင်နေသွားခဲ့သည့် ပုံစံမဟုတ်ဘဲ မမှတ်မိလောက်သည့်အထိ အရိုးပြိုင်းပြိုင်းဖြစ်နေပြီး အိမ်တိုင်တွင် မှီပြီး နေရသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများတွေ့ရှိရသည့်အပြင် ပေါင်တွင် မီးပူဖြင့် ထိုးထားသဖြင့် အမာရွတ်အကွက်တစ်ကွက်နှင့် ကျောကုန်းတွင် အကွက်ကြီးတစ်ကွက်ရှိကြောင်းတို့ ပါဝင်သည်။

အဆိုပါ ဒဏ်ရာများနှင့် ပတ်သက်ပြီး ယင်းကျေးရွာတွင် နေထိုင်သူများက "ဘာကြောင့် ဒေါ်သိင်္ဂီစုက လုပ်တာလဲ"ဟု မေးမြန်းခဲ့ရာ ဆွဲကြိုးခိုးယူသည်ဟုဆိုကာ ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ကရင်မက အသက်ရှိစဉ် ဖြေကြားခဲ့ကြောင်းသိရသည်။

 ယင်းအမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန် တရားခံပြသက်သေ ၁၈ ဦးတင်သွင်းထားပြီး အဆိုပါ တရားခံပြသက်သေ ၁၈ ဦးထဲတွင် ဒေါ်သင်္ဂီစု၏ ခင်ပွန်း၊ မိခင်ဖြစ်သူတို့ အပါအဝင် တပ်မတော်သား ၅ ဦးတို့လည်း ပါဝင်ကြောင်းသိရပြီး တရားရုံးမှ ဒေါ်သင်္ဂီစုကို ဆက်လက်စစ်ဆေးရန်အတွက် ဇူလိုင်လ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်သည်။

စွပ်စွဲခံရသူဖြစ်သည့် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူး ဒေါ်သင်္ဂီစုကို ရန်ကုန် တောင်ပိုင်းခရိုင်တရားသူကြီးက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မ- ၃၀၂(၂)ဖြင့် စွဲချက်တင် စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းအမှုကို ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရားစွဲတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးချိန်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly