ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်

ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇူလိုင် ၉ ။        ။ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးအတွက် ဆိုသည့် ဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင် ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ ကြေးသွန်းဘုရားအရှေ့မှ ဆူးလေပန်းခြံအရှေ့အထိ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်အချို့က  ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

" ဒီ ၅၉ (စ) သည် ကျွန်တော်တို့ နိုင်ငံတော်သမ္မတအတွက် အရည်အချင်း ဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုက သွေးနှောမဖြစ်တဲ့ နိုင်ငံခြားအထောက်အပံ့ ယူမထားတဲ့ မိသားစုဝင်ထဲက ဖြစ်တယ်ဆိုရင် နိုင်ငံတော်သမ္မတ အဖြစ်နဲ့ ဒါကို ကျွန်တော်တို့ ခန့်လို့မရဘူးဆိုတဲ့ ၅၉ (စ) သတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၅၉ (စ) သည် အလွန်အရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံ ၊ ကျွန်တော်တို့ လူမျိုး၊ ဘာသာ၊ သာသနာ ကျွန်တေ်ာတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဒါကို ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ် "  ဟု အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းထွဋ်က မီဒီယာများကို ပြောသည်။

အဆိုပါ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်မှုတွင် ပုဒ်မ ၅၉ (စ) ကာကွယ်ရေးစောင့်ရှောက်ရေး ဒို့အရေး ၊ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး ၊ အမျိုးဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး ဒို့အရေး ၊ ဗုဒ္ဓဘာသာ သာသနာတော်ကို ချီးမြှင့်ထောက်ပံ့သော အုပ်ချုပ်သူများ ပေါ်ထွက်လာရေး ဒို့အရေး စသည်တို့ကိုကြွေးကြော်ကာ လမ်းလျှောက်ခဲ့ကြသည်။

ယင်း လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်မှုကို တရားဝင် ခွင့်ပြုမိန့်တင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသားရေး တက်ကြွလှုပ်ရှား သူများ ၊ အမျိုးသားရေးတက်ကြွသည့် ရဟန်း၊ သံဃာများ ပါဝင်ခဲ့သည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်း ကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟု လူအများက ယုံကြည်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးတွင် အာဏာရ NLD ပါတီမှ အဆိုပြု တင်ပြထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly