နေရပ်စွန့်ခွာပြေးသူများ ပြန်ဝင်ရောက်လာပါက နေထိုင်ရန် အိမ်အလုံး ၂၅ဝကို အိန္ဒိယအစိုးရ လှူဒါန်း

နေရပ်စွန့်ခွာပြေးသူများ ပြန်ဝင်ရောက်လာပါက နေထိုင်ရန် အိမ်အလုံး ၂၅ဝကို အိန္ဒိယအစိုးရ လှူဒါန်း
နံ့သာတောင်ကျေးရွာတွင် အိန္ဒိယအစိုးရလှူဒါန်းထားသောနေအိမ်များအား ဇူလိုင် ၉ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အိန္ဒိယသံရုံး

ဇူလိုင် ၉ ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများ နေထိုင်ရန် နေအိမ်အလုံး ၂၅၀ ကို အိန္ဒိယအစိုးရမှ ဇူလိုင် ၉ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် လွှဲပြောင်းလှူဒါန်းခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရေးထိုးခဲ့သော နှစ်နိုင်ငံသဘောတူညီချက်အရ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစိတ်တစ်ပိုင်းအဖြစ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

မောင်တောရှိ ရွှေဇားကျေးရွာတွင် နေအိမ် ၁၄၈ လုံး၊ ကြိမ်ချောင်းတောင်တွင် နေအိမ် အလုံး ၆၀၊ နံ့သာတောင် တွင် နေအိမ် ၄၂ လုံးတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar က နေရပ်ပြန်လာသူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီတွဲဘက်ဥက္ကဋ္ဌ နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ဇံထံသို့ လွှဲပြောင်းပေးခဲ့သည်။

၂၀၁၇ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ  အိန္ဒိယနိုင်ငံဘက်မှ ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်နွယ်သော ဆောင်ရွက်ချက်များ၊ သီးနှံနှင့် စိုက်ပျိုးရေးပညာဆက်နွယ်မှု လေ့လာသည့်ပညာ၊ လူမှုအသိုက်အဝန်း တိုးတက်ရေးကဏ္ဍများအတွက် အခြေခံအဆောက်အအုံများ ဖန်တီးပေးခြင်းနှင့် ထိုကဏ္ဍများနှင့်ဆက်စပ်သောသင်တန်းများကို ဆောင်ရွက်ပေးရန် သဘောတူထားသည်။

ထို့ပြင် ယင်းသဘောတူညီမှုအစီအစဉ်တွင် တံတားငယ်များ၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ အသေးစား လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများ၊ ဝင်ငွေရမည့်လုပ်ငန်းများ၊ သင်တန်းများ၊ ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ကလေးငယ်များအရေး တို့လည်း ပါဝင်သည်။

အိန္ဒိယအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ၅ နှစ်တာကာလအတွင်း အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၂၅ သန်း ကူညီရန် လျာထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ယင်းအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စစ်တွေကွန်ပျူတာတက္ကသိုလ်တွင် အသုံးပြုရန် ကွန်ပျူတာအစုံ ၄၀ နှင့် လယ်ယာကဏ္ဍအတွက် လယ်ထွန်စက် ၁၅ လုံးနှင့်ရိတ်သိမ်းစက် ၁၅ လုံး တို့ကို ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဆိုလာပါ၀ါနှင့်ဆက်စပ်သောစီမံကိန်းများ၊ ဆောက်လုပ်ရေးနှင့်ဆက်စပ်သော စီမံကိန်းများ၊ စက်မှု လယ်ယာကူးပြောင်းရေးစီမံကိန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်းများ ဆောင်ရွက်ရန် အိန္ဒိယဘက်မှ လေ့လာလျှက် ရှိသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အကူညီပေးရာတွင် ရခိုင်ပြည်နယ်၌ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးဘက်ဆိုင်ရာကိရိယာများလည်း ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် စစ်တွေ- ပလက်ဝ -မီဇိုရမ်တို့ကို ဆက်သွယ်ပေးမည့် ကုလားတန် ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့တို့တွင် စစ်တွေဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းများ တည်ဆောက်ပြီးစီးပြီ ဖြစ်သည်။

နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်ဝင်ရောက်လာရန် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အကြား ၂၀၁၈ ခုနှစ်အတွင်း သဘောတူညီထားသော်လည်း ယနေ့အထိ နှစ်နိုင်ငံအစီအစဉ်ဖြင့် တစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိသေးသော်လည်း မြန်မာအစိုးရမှ ပြန်လည်လက်ခံရေးအနေဖြင့် ပြင်ဆင်နေခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီဒုက္ခသည် သိန်းဂဏန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required