မြိတ်ကျွန်းစုဒေသထွက် ဂဏန်းမဲ တရုတ်ဝယ်လက် ရပ်နားလိုက်၍ စျေးနှုန်းကျဆင်း

မြိတ်ကျွန်းစုဒေသထွက် ဂဏန်းမဲ တရုတ်ဝယ်လက် ရပ်နားလိုက်၍ စျေးနှုန်းကျဆင်း
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် ၈ ။       ။ မြိတ်ကျွန်းစုဒေသထွက် ဂဏန်းမဲများကို အဓိကဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံမှ အဝယ်ရပ်နားလိုက် ခြင်းကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်ပါးနေပြီး စျေးနှုန်း ကျဆင်းနေသည်။

ယခုနှစ် မိုးရာသီတွင် တရုတ်ဘက်မှ အဝယ်ရပ်နားလိုက်ခြင်းကြာင့် ထိုင်းစျေးကွက်ကို တင်ပို့သော်လည်း စျေးနှုန်း တစ်ဆနီးပါး ကျဆင်းသွားကြောင်း ဂဏန်းမဲအဝယ်ဒိုင်များထံမှ သိရသည်။

“တရုတ်စျေးကွက်က စျေးပိုကောင်းပါတယ်၊ အခု အဝယ် ရပ်နားလိုက်တော့ ထိုင်းကို တင်ပို့ နေရပေမယ့် စျေးနှုန်းက တစ်ဆနီးပါး ကျဆင်းနေတော့ အရောင်းအဝယ်လည်း ပါးနေတယ်” ဟု မြိတ်တောင်နယ်မြေ ရွှေနှင်းဆီလမ်းရှိ ဂဏန်းမဲအဝယ်ဒိုင်မှ ဦးအေးလွင်က ပြောဆိုသည်။

အဆိုပါ ဂဏန်းမဲများကို ကျွန်းစုမြို့နယ်ရှိ ပင်လယ်ပိုင်းကျေးရွာများမှ ဒေသခံများ အများဆုံး လာရောက် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

“အခုက ဂဏန်းမဲတွေ ထိုင်းစျေးကွက်ကို အားကိုးနေရတော့ အရောင်းအဝယ်ပါးနေတာပေါ့ နောက်ပြီး၊ တရုတ်လောက် စျေးကောင်းမရဘူး ဖြစ်နေတယ်၊ စျေးနှုန်း တစ်ဆလောက် ကျသွားတယ်” ဟု မြိတ်မြို့ ရေနံမြေရပ်ကွက် အိုးလုပ်ပြင်ကမ်းရှိ KL ကဏန်းမဲ အဝယ်ဒိုင်မှ ဦးခိုင်လင်းက ပြောသည်။

ဂဏန်းမဲ စျေးကွက်မှာ ယခင်က တရုတ်နိုင်ငံသို့ ၃၀၀ ဂရမ်အထက်ရှိ အကောင်ကြီး ၁ ပိသာကို ၂၉၀၀၀ ကျပ် အထိ ပေါက်စျေးရှိရာမှ လက်ရှိ ထိုင်းစျေးကွက်မှာ ၂၅၀၀၀ ကျပ်သာ ရှိပြီး၊ ၂၀၀ ဂရမ်အထက် အကောင် ၁ ပိသာကို ၂၁၀၀၀ ကျပ် ရှိရာမှ ယခု ၁၆၀၀၀ ကျပ်၊ ၂၀၀ ဂရမ် အောက် အကောင် ၁ ပိသာကို ယခင် ၁၉၀၀၀ ကျပ်၊ ယခု ၁၁၅၀၀ ကျပ်သာ ပေါက်စျေးရှိတော့ကြောင်း ဂဏန်းမဲအဝယ်ဒိုင်များထံမှ သိရသည်။

ယခင်နှစ်များက တင်ပို့မှု မရပ်နားဘဲ ယခုနှစ် မိုးရာသီမှ အဝယ်ရပ်နားလိုက်ခြင်း ဖြစ်ပြီး အကြောင်းအရင်း အတိအကျကိုမူ တရုတ်ဘက်မှ မသိရကြောင်း အဝယ်ဒိုင်များထံမှ သိရကာ လာမည့် နိုဝင်ဘာလတွင် ပြန်လည်ဝယ်ယူမည်ဟု သိရသည်။

ဂဏန်းမဲ ဖမ်းဆီးရောင်းချသူ ဒေသခံများအနေဖြင့် မိုးရာသီတွင် ဂဏန်းမဲများကို အများဆုံး ဖမ်းဆီးရရှိပြီး ပွင့်လင်းရာသီတွင် ဖမ်းဆီးရရှိမှု နည်းပါးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required