ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို တိုက်တွန်း

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို တိုက်တွန်း

မနီလာ၊ ဇူလိုင် ၉ ။           ။ ဖိလစ်ပိုင်နိုင်ငံက အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွမှာ လူသားချင်းစာနာထောက်ထားရေးကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့နိုင်တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သံသယရှိ မူးယစ်ဆေးဝါး ကုန်ကူးသူထောင်ပေါင်းများစွာ ပစ်သတ်ခံရတဲ့ လူမဆန်တဲ့ သုံးနှစ်တာ မူးယစ်စစ်ပွဲကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် မချခင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလာတာပဲ ဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖိလစ်ပိုင်် မူးယစ်စစ်ပွဲမှာ သေဆုံးသူပေါင်း ၆၆၀၀ ရှိတယ်လို့ ရဲက ထုတ်ပြန်ထားပေမယ့် အမှန်သေဆုံးနိုင်သူပေါင်းမှာ ၂၇၀၀၀ ကျော် ရှိနိုင်ပြီး ဒီလို လူမဆန်စွာ သတ်ဖြတ်မှုတွေအတွက် အစိုးရတာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း အင်န်ဂျီအိုအဖွဲ့တစ်ရပ်ဖြစ်တဲ့ AI အဖွဲ့က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“သမ္မတ  ဒူတာတေးရဲ့ သုံးနှစ်တာ မူးယစ်နှိမ်နင်းရေးစစ်ပွဲဟာ ဘာမှ အရာမထင်ဘဲ သတ်ဖြတ်မှုတွေနဲ့ သွေးချောင်းစီးခဲ့တာပဲ အဖတ်တင်ပါတယ်။”လို့ AI ရဲ့ အရှေ့နှင့် အရှေ့တောင်အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး နီကိုလပ်ဘီကီလင်းက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ရပ်မှာ လူပေါင်း ၂၇ ဦး သေဆုံးတဲ့ အမှု ၂၀ မှာ တော်တော်များများက တရားလက်လွန် သတ်ဖြတ်ခဲ့တာတွေ ဖြစ်တယ်လို့ AI အဖွဲ့က ဆိုပါတယ။

အခြား အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း “ဒီ သုံးနှစ််တာ မူးယစ်စစ်ပွဲမှာ ပစ်မှတ်ထားခံရတာ ဒါမှမဟုတ် အပြန်အလှန်ပစ်မှတ်မှုအတွင်း သေဆုံးတာတွေကြောင့် ကလေးငယ်ပေါင်း ၁၀၀ ကျော်ထက်မနည်း အသတ်ခံခဲ့ရပါတယ်။”လို့ ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly