ဖြိုးကိုကိုတင့်ဆန်းအမှု ယခုနှစ်အတွင်း ပြီးပြတ်ရန် စီမံချက်ချထား

ဖြိုးကိုကိုတင့်ဆန်းအမှု ယခုနှစ်အတွင်း ပြီးပြတ်ရန် စီမံချက်ချထား
ဓာတ်ပုံ- Naypyitaw/POOL)

နေပြည်တော်(ဇူလိုင် ၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ မူးယစ်မှု၊ လက်နက်မှု အပါအဝင် အမှုပေါင်း ၁၄မှုဖြင့် တရားစွဲခံထားရသည့် ဖြိုးကိုကိုတင့်ဆန်းအမှုအား ယခုနှစ်အတွင်း ပြီးပြတ်ရန် စီမံချက်ချထားကြောင်း ဒက္ခိဏခရိုင်ဒုတိယတရားသူကြီး ဦးညိုဌေးက ပြောသည်။

အမှုပေါင်း ၁၄မှုအနက် ၈မှုသည် စွပ်စွဲခံရသူဘက်ကို စစ်ဆေးသည့်အဆင့် ရောက်ရှိနေပြီး ကျန် ၆မှုမှာမှု ဥပဒေအရာရှိကို စစ်ဆေးရန်အဆင့်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

“ဒီအမှုအားလုံး ၁၄မှုကိုလည်း ၂၀၁၉ခုနှစ်အတွင်းမှာပဲ အားလုံး ပြီးပြတ်သွားဖို့ စီမံချက်ချမှတ်ထားပြီး ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဇူလိုင်လ ၈ရက်က တရားခွင်အတွင်း ဦးညိုဌေးက ပြောသည်။

အဆိုပါ ၁၄မှုတွင် ၁၉၂၃ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ မူးယစ်ဥပဒေ၊ လက်နက်ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်/သွင်းကုန်ဥပဒေနှင့် တရားခံပြေးပုဒ်မများ ပါဝင်သည်။

ဖြိုးကိုကိုတင့်ဆင်းအား စွဲတင်ထားသော အမှုများသည် များပြားသည့်အတွက် ဒက္ခိဏခရိုင်တရားရုံးတွင် တစ်ပတ်လျှင် နှစ်ရက် စစ်ဆေးနေသည်။ ရန်ကုန်မှ အမှုများကို တနင်္လာနေ့တွင် စစ်ဆေးပြီး နေပြည်တော်မှ အမှုများကို အင်္ဂါနေ့တွင် စစ်ဆေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် (၂၀၁၇)ခုနှစ် အောက်တိုဘာ(၁၅)ရက်နေ့ ၊ ည(၇)နာရီခန့်က နေပြည်တော်မှ ရန်ကုန်သို့လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦး၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်နှင့် ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတစ်ချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် နေပြည်တော်ရှိ ၄င်းပိုင်ဆိုင်သည့် နေပြည်တော်ရှိ ဟိုတယ် ACE အပါအဝင်၊ ရန်ကုန်ရှိ ၄င်း၏ နေအိမ်နှင့် ရုံးခန်းများကို  ဆက်လက်စစ်ဆေးရာ သေနတ်နှင့် ဆက်စပ် ပစ္စည်းများကို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required