နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ်

နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှနဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာပေါက်လိုက် ဒီနေရာမှာပေါက်လိုက်နဲ့တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။
နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။
နဖူး ။ ။

  •     နဖူးမှာ ပေါက်တဲ ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။
  •     စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။
  •     စားလိုက်တဲ့အစားအစာတွေထဲမှာ အဆီပါဝင်မှုနှုန်းများနေခြင်းကလည်း နဖူးပေါ် ဝက်ခြံပေါက်စေတဲ့အကြောင်းအရင်းတစ်ခုပါ။
  •     နောက်ဆုံးတစ်ခုကတော့ နဖူးပေါ် ပေါက်တဲ့ဝက်ခြံတွေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ကလည်း ဆက်စပ်နေတယ်ဆိုတာပါပဲ။

နှာခေါင်း

  •     စပ်လွန်းတဲ အစားအစာတွေက နှာခေါင်းမှာ ဝက်ခြံပေါက်ရခြင်းရဲ့ တရားခံတွေပါ။ အဲဒီအစား ပြည့်ဝဆီများတဲ့ ထောပတ်သီးတို့ သစ်ကြားသီးတို့ကို စားပေးရင် နှာခေါင်းပေါ်က ဝက်ခြံ တွေ သက်သာသွားမှာပါ။
  •     နောက်ပြီး နှာခေါင်းမှာ ချွေးပေါက် တွေက အကျယ်ဆုံး ဖြစ်တာကြောင့် ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေမယ့် အလှကုန်ပစ္စည်းတွေ မိတ်ကပ် တွေ ကိုရှောင်လိမ်းဖို့တော့ လိုပါလိမ့်မယ်။

မျက်ခုံးနှစ်ခုကြားက ဝက်ခြံ

  •     ဒီနေရာမှာ ပေါက်တဲ့ဝက်ခြံအများစုက ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ မတည့်တာကြောင့် အဓိကဖြစ်ရတာပါ။
  •     အထူးသဖြင့် နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့သူတွေနဲ့ အစာမကြေတတ်တဲ့သူအများစုက မျက်ခုံးကြားထဲက နေရာလေးမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။

ပါး ။

  •     ပါးနဲ့ အများဆုံးထိတွေ့နေရတဲ့ မိတ်ကပ်လိမ်းပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေကို သေချာသန့်ရှင်းရေး မလုပ်ဘူးဆိုရင် ဝက်ခြံပေါက်ဖို့ အလားအလာအရမ်းကို များသွားပါပြီ။
  •     နောက်ပြီး ပါးပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေကအသက်ရှူပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

မေးစေ့နဲ့ ပါးရိုးမှာ ပေါက်တဲ့ဝက်ခြံ

  •     ဒီလို မေးစေ့နဲ့ မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ အများစုဟာ ဟော်မုန်းဓာတ်မမျှတလို့ ဖြစ်ရတဲ့ ဝက်ခြံတွေ ဖြစ်ပါတယ်။
  •     ကိုယ်တွင်းမှာ ပြောင်းလဲနေတဲ့ ဟော်မုန်း တွေကို ထိန်းချုပ်လို့မရပေမယ့် မှန်မှန်အိပ်၊ အသီးအရွက်များများစား၊ ရေများများသောက်ပြီး ဝက်ခြံတွေကို ထိန်းချုပ်လို့ရပါတယ်။

နားရွက်

  •     နားရွက်မှာပေါက်တဲ့ဝက်ခြံအများစုဟာ ရေဓာတ်ခမ်းခြောက်ခြင်းကြော့င့် ဖြစ်ရတာပါ။
  •     ဒါ့ကြောင့် ရေများများသောက်မယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေကိုရှောင်နိုင်မယ်ဆိုရင် ဝက်ခြံဖြစ်တာတွေ လည်း သက်သာသွားမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly