ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သင်္ဂဟဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး စုပေါင်းသစ်ပင်စိုက်ပွဲပြုလုပ်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သင်္ဂဟဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး စုပေါင်းသစ်ပင်စိုက်ပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၈ ။            ။ သင်္ဂဟဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး စုပေါင်းသစ်ပင်စိုက်ပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်းမကြီးဘေးတွင်တည်ရှိသော ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီးနယ်မြေဝင်းအတွင်း မြေနေရာ၌ ဇူလိုင် ၆ ရက်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်ရေး၊ မျိုးဆက်သစ်လူငယ်ထုအတွင်း သစ်ပင် စိုက်ပျိုးလိုစိတ်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရေရှည် ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ သစ်တောဦးစီးဌာနနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နှင့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သင်္ဂဟဖောင်ဒေးရှင်းမှ သိရသည်။

ထိုသို့ စိုက်ပျိုးခြင်းအပြင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ဆက်လက်ရှင်သန်စေရေးအတွက် မတည်လှူဒါန်းငွေကျပ် သိန်း ၃၀ ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းသို့လည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌအား မတည်လှူဒါန်းငွေ ကျပ် ၁၅ သိန်း ပေးအပ် လှူဒါန်းခဲ့သည်။

ယင်းပွဲတွင် သင်္ဂဟဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဦးသန်းထွဋ်က စုပေါင်းသစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက် များ၊ သင်္ဂဟဖောင်ဒေးရှင်းတည်ထောင်ရသည့်အကြောင်းရင်းများနှင့် သစ်ပင်စိုက်ပျိုးရခြင်း၏ ကောင်းကျိုးများကို ရှင်းလင်းတင်ပြခဲ့သည်။

သင်္ဂဟဖောင်ဒေးရှင်းမှ စီစဉ်ဖြန့်ဝေလှုဒါန်းသည့် ကာတွန်းပညာရှင် အော်ပီကျယ် သရုပ်ဖော်ရေးဆွဲသော "သစ်ပင်စိုက်ပါ ကာတွန်းမှတ်စု" ကို အခမ်းအနားတက်ရောက်သူတိုင်းကို လက်ဆောင်ပေးခဲ့သည့်အပြင် သစ်ပင်စိုက်ပျိုးရာတွင် သတိထားသင့်သည့်အချက်များ၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရန် ပြုစုပေးရမည့် အချက်များနှင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် ရရှိနိုင်သည့် အကျိုးကျေးဇူးများပါဝင်သော ပညာပေး လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့သည်။

 စုပေါင်းသစ်ပင်စိုက်ပွဲတွင် သင်္ဂဟ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ Eden Group နှင့် ညီနောင်ကုမ္ပဏီများမှ ဝန်ထမ်းများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း အင်အား ၅၀၀ ကျော်အတူစုပေါင်း၍ အပင်ပေါင်း ၁၂၀၀ ကျော်စိုက်ပျိုးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required