ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ဝမ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကို ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေပါ ကြုံလာရနိုင်ပါတယ်။

ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
၁။ အချိုလျှော့စားပါ

သကြားအလွန်အကျွံ ထည့်ထားတဲ့ မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊ စားစရာတွေဟာ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။ သကြားမှာ ဂလူးကို့စ် တစ်ဝက်၊ fructose လို့ ခေါ်တဲ့ အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်း တစ်ဝက် ပါဝင်ပါတယ်။

ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့အတွက် ဂလူးကို့စ်ကို အသုံးပြုရပါတယ်။ သကြားပါဝင်မှုများတဲ့ အချိုမုန့်တွေ၊ အအေးတွေ စားသောက်မှု များလာတဲ့အခါမှာ သွေးတွင်း fructose ဓာတ်ပေါင်း ပမာဏ များလာပါတယ်။ အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါမှာ အဲ့ဒီဓာတ်ပေါင်းတွေဟာ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒီအခါမှာ ဝမ်းဗိုက်နဲ့ အသည်းမှာ အဆီဖုံးသွားပါတော့တယ်။

အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာတယ်။ အချိုဓာတ်ဟာ ကယ်လိုရီစားချင်စိတ်ကို နှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုပိုစားရင်းနဲ့ လူတွေဟာ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုပါတယ်။
၂။ ကစီဓာတ် လျှော့စားပါ

ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှု များလာတဲ့အခါမှာ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ ကိုယ်တွင်းအဆီကျချင်ရင် ကစီဓာတ်ကို လျှော့စားပေးပါ၊ ဒါမှမဟုတ် ကစီဓာတ်နည်းတဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပေးပါ။

ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ carbohydrate လို့ ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဗိုက်အဆီကျချင်သူတွေ ပုံမှန်ထက် လျှော့ပြီး စားပေးသင့်ပါတယ်။
၃။ ပရိုတင်းဓာတ် ပိုစားပေးပါ

အသားဓာတ်လို့လည်း လူသိများတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့ အာဟာရဓာတ်အဖြစ် လူသိများကြပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ အသားနဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး အစရှိတဲ့ ပရိုုတင်းပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။
၄။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ

အမျှင်ဓာတ်ဟာ နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကိုလည်း ကျစေတာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ဗိုက်အဆီကျလိုသူတွေ တစ်နေ့ကို အမျှင်ဓာတ် မဖြစ်မနေ စားပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေအပြင် အမျှင်ဓာတ်လည်း ပေါကြွယ်ဝပါတယ်။
၅။ လေ့ကျင့်ခန်းလုပ်ပါ

အပေါင်းအသင်းတွေနဲ့ စုပြီး ဘောလုံးကန်မလား၊ မနက်ခင်းမှာ အပြေးလေ့ကျင့်မလား၊ gym မှာပဲ စနစ်တကျ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မလား၊ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့ အစားအသောက်နဲ့ ထိန်းဖို့ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတဲ့အခါ ကိုယ်တွင်းအဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ သွေးထဲက သကြားဓာတ်တွေ၊ မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အဆီကျလိုတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly