စပိန်နှင့် ဆွစ်ဇာလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ယူရို ခြေစစ်ပွဲဒုတိယနေ့ ပွဲပြီး အခြေအနေ

စပိန်နှင့် ဆွစ်ဇာလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ယူရို ခြေစစ်ပွဲဒုတိယနေ့ ပွဲပြီး အခြေအနေ

အောက်တိုဘာ ၁၀ ။               ။ ယူရို ၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ်(၉) ပွဲစဉ်များ ဒုတိယနေ့အပြီးတွင် စပိန်နှင့် ဆွစ်ဇာလန်အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်သည့် အသင်းများစာရင်းတွင် ပါဝင်လာခဲ့ပြီ   ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် အိမ်ရှင်ပြင်သစ်အပါအဝင် ခြေစစ်ပွဲအောင်မြင်သည့် အသင်း ရှစ်သင်းအထိရှိလာပြီ ဖြစ်သည်။

အုပ်စု(C)တွင် ပါဝင်သော စပိန်အသင်းသည် လူဇင်ဘတ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ရမှတ် ၂၄ မှတ် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

ထိုအုပ်စုတွင် ဒုတိယနေရာမှ ဆလိုဗက်ကီးယားအသင်းသည် အိမ်ကွင်းတွင် ဘီလာရုစ်အသင်းကို ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယူကရိန်းအသင်းက မက်ဆီဒိုးနီးယားအသင်းကို ဝ-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် အတွက် ရမှတ် ၁၉ မှတ်စီတူညီနေကြပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခွင့်အတွက် ကြိုးစားကြရဦးမည် ဖြစ်သည်။

နောက်ဆုံးပွဲတွင် ယူကရိန်းမှာ အိမ်ကွင်းတွင် စပိန်နှင့်ကစားရမည် ဖြစ်ပြီး ဆလိုဗက်ကီးယားအသင်းမှာ လူဇင်ဘတ်နှင့် အဝေးကွင်းတွင် ကစားရမည် ဖြစ်သည်။

အင်္ဂလန်အုပ်စုတွင် ပါဝင်သော ဆွစ်ဇာလန်အသင်းမှာ ဆမ်မာရီနိုအသင်းကို ၇-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ရမှတ် ၁၈ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။

အုပ်စု တတိယနေရာမှ ဆလိုဗေးနီးယားအသင်းမှာ ရမှတ် ၁၃ မှတ်ရရှိထားပြီး စတုတ္ထနေရာမှ အက်စ်တိုးနီးယားက ၁၀ မှတ်ရရှိထားသည့်အတွက် နောက်ဆုံးပွဲစဉ်တွင် Play off ကစားခွင့်အတွက် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

အုပ်စု(G)မှ ဆွီဒင်နှင့် ရုရှအသင်းတို့မှာ နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရခဲ့သည့်အတွက် နောက်ဆုံးပွဲစဉ်တွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခွင့်အတွက် ရုန်းရဦးမည် ဖြစ်သည်။

ယမန်နေ့ညက ရုရှအသင်းမှာ မော်လ်ဒိုဗာအသင်းကို ၁-၂ ဂိုးဖြင့်နိုင်ခဲ့ပြီး ဆွီဒင်မှာ လက်ချင်စတိန်းကို ဝ-၂ ဂိုးဖြင့် နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအုပ်စုတွင် သြစတြီးယားမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ရုရှမှာ ၁၇ မှတ်ရရှိထားပြီး ဆွီဒင်မှာ ၁၅ မှတ်ရရှိထားသည်။

နောက်ဆုံးပွဲတွင် ဆွီဒင်မှာ မော်လ်ဒိုဗာကို အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်ပြီး ရုရှမှာ မွန်တီနီဂရိုးနှင့် အိမ်ကွင်းတွင် ကစားရမည် ဖြစ်သည်။

Ref ; ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly