မြေပုံမြို့နယ်၌ အရပ်သားနှစ်ဦး နေအိမ်တွင် အသတ်ခံရ

မြေပုံမြို့နယ်၌ အရပ်သားနှစ်ဦး နေအိမ်တွင် အသတ်ခံရ

ရန်ကုန် ၊ ဇူလိုင် ၇ ။            ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာ၊ အောင်သပြေရပ်ကွက်၌ နေထိုင်သည့် ရွာသားနှစ်ဦးကို ဇူလိုင် ၅ ရက်နေ့ ညပိုင်းတွင် အမည်မသိလူများက အိမ်ပေါ်သို့ သေနတ်၊ ဓားဖြင့် ဝင်ရောက် သတ်ဖြတ်ခဲ့ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

“စားသောက်ဆိုင် ဖွင့်ထားတဲ့ ဦးမောင်ဘကျန်အိမ်ကိုပေါ့နော်။ မျက်နှာဖုံးစွပ်ထားတဲ့ လူသုံးယောက်က ဝင်လာပြီးတော့ ဦးမောင်ဘကျန်နဲ့ တွေ့မယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ဦးမောင်ဘကျန်က ထမင်းစားဖို့ လုပ်နေတယ်လို့ သိရတယ်။ အဲဒီတော့ စောစောက လူတွေက အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ပစ်တယ်။ ဓားနဲ့ထိုးတယ်၊ အတွင်းခန်းက ပြေးထွက်လာတဲ့ သူ့သမက်ကိုလည်းပဲ သတ်သွားတယ်” ဟု ဦးဖေသန်းက ဆိုသည်။

အသတ်ခံရသည့် ဦးမောင်ဘကျန်မှာ စားသောက်ဆိုင်ဖွင့်ထားသူဖြစ်ပြီး သမက်ဖြစ်သူ ပိုင်သက်ကျော်မှာ စစ်တပ်မှ ထွက်ထားသူဖြစ်ကြောင်း ၊ ၎င်းတို့ နေအိမ်အား အမ်းမြို့အခြေစိုက် တပ်မတော်သား အသိမိတ်ဆွေအချို့ အလည်အပတ် လာရောက်လေ့ရှိသည်ဟုလည်း ဒေသခံများက ဆိုကြောင်း ဦးဖေသန်းက ပြောသည်။

“ဒေသခံတွေကတော့ အကြောက်တရားတွေ နည်းနည်းများနေတယ်။ ဘယ်သူ သတ်မှန်းလဲ မသိဘူး။ ဒါပေမယ့် အခုလို သတ်တာတို့ ခြိမ်းခြောက်တာတို့လို ဖြစ်စဉ်တွေကတော့ တခြားနေရာတွေမှာ ရှိခဲ့ဖူးတယ်ဗျ” ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း မြေပုံမြို့နယ်က ကမ်းထောင်ကြီး အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေသည် နေအိမ်အတွင်း၌ တီဗီကြည့်နေစဉ် သေနတ်နှင့် ပစ်သတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း၌ ယခုလို လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်များသည် မကြာခဏဆိုသလို ဖြစ်ပွားနေပြီး မည်သူ မည်ဝါ သတ်သည်ကိုမူ ဖော်ထုတ်နိုင်ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly