နျူကလီးယား ကတိကဝတ်များကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်ခြိမ်းခြောက်

နျူကလီးယား ကတိကဝတ်များကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်ခြိမ်းခြောက်

ဇူလိုင် ၇ ။           ။ အထင်ကရ နျူကလီးယား သဘောတူညီချက်ပါ နောက်ထပ် ကတိကဝတ်တွေကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်က ဇူလိုင် ၇ ရက်မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒီ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားသူတွေနဲ့အကြား ဖြေရှင်းချက်တစ်ခု ရှာဖွေနိုင်ခြင်း မရှိဘူးဆိုပါက ဒီ စာချုပ်ကို စွန့်ပယ်တော့မှာဖြစ်ကြောင်း အီရန်က ပြောပါတယ်။

“ ရက်ပေါင်း ၆၀ လောက်ကြာပြီးရင်တော့ ဖြေရှင်းချက်တစ်ခု ရှာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒီလိုမှ မဟုတ်ရင်တော့ တတိယ ခြေလှမ်းကို လှမ်းရပါလိမ့်မယ်” လို့ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရက်ဂ်ချီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

အလားတူ နျူကလီးယား သဘောတူညီချက်အောက်တွင် သတ်မှတ်ပြဌာန်းထားတဲ့ ယူရေနီယံ သန့်စင်မှု ကန့်သတ်ချက် ၃ ဒသမ ၆ ရာခိုင်နှုန်းကို လာမယ့် နာရီပိုင်းအတွင် ကျော်လွန်လုပ်ဆောင်တော့မှာဖြစ်ကြောင်း အီရန်က ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။

ဒီလို သန့်စင်ယူရေနီယံ သိုလှောင်မှု ကန့်သတ်ချက်ထက် ကျော်လွန်လုပ်ဆောင်ဖို့ သမ္မတ ဟာဆန် ရိုဟာနီကိုယ်တိုင် အမိန့်ထုတ်ခဲ့တာဖြစ်ကြောင်း ပြောသွားပါတယ်။

အီရန်အနေနဲ့ ဒီ နျူကလီးယားစာချုပ်ကို ဆက်လက်ရှင်သန်နိုင်အောင် ကြိုးပမ်းလိုစိတ်ရှိပေမယ့် ဥရောပနိုင်ငံတွေဘက်ကတော့ ယင်းတို့ရဲ့ ကတိကဝတ်တွေကို တည်ဖို့ ပျက်ကွက်နေတယ်လို့ အီရန် ဒုဝန်ကြီး အာဘတ်စ်က စွပ်စွဲသွားပါတယ်။

အဆိုပါ စာချုပ်ကိုတော့ အမေရိကန်က ၂၀၁၈ မှာ တစ်ဖက်သတ် နုတ်ထွက်ထားခဲ့ပြီးဖြစ်ပါတယ်။ ယင်းနောက် အီရန်စီးပွားရေးအပေါ် ထိခိုက်စေမယ့် ဆန်ရှင်တွေ ချမှတ်ထားတဲ့အတွက် လက်ရှိမှာ အမေရိကန်နဲ့အီရန်အကြား တင်းမာမှုတွေ မြင့်တက်နေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly