လက်နက်ကိုင်အဖွဲ့များကိစ္စနှင့်ပတ်သက်ပြီး တမူးမြို့တွင် ဆွေးနွေးပွဲ ပြုလုပ်

လက်နက်ကိုင်အဖွဲ့များကိစ္စနှင့်ပတ်သက်ပြီး တမူးမြို့တွင် ဆွေးနွေးပွဲ ပြုလုပ်
တမူးနှင့်မိုရေးနယ်စပ် အင်ဒို-မြန်မာ ချစ်ကြည်ရေးဂိတ်အနီးရှိ နန့်ဖာလုံစျေးအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-Biju BORO / AFP

ကလေး၊ ဇူလိုင် ၇ ။           ။ လက်နက်ကိုင်အဖွဲ့များကိစ္စနှင့်ပတ်သက်ပြီး ဒေသအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည်။

“ ဟိုးအရင်တုန်းက ဒေသတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ မလုပ်ဖြစ်ဘူး။ အခုမှ လုပ်ဖြစ်တာပါ။ ဒီမှာက တရားမဝင် လက်နက်ကိုင်ရှိတဲ့အတွက်ကို သူတို့ရဲ့ရန်သူရှိတာကြောင့် ဒေသခံပြည်သူ အထိတ်အလန့် ဖြစ်ရတယ်။ ဒါတွေကို အစိုးရကို သိစေဖို့ တိုက်တွန်းတဲ့သဘောပါ။ ဒီ တရားမဝင်လက်နက်ကိုင်အဖွဲ့တွေကို မြို့ထဲမှာ မထားသင့်ဘူး။ တောထဲမှာ ထားမလားပေါ့။ သူတို့နေထိုင်ရာ ရပ်ကွက် သတ်မှတ်မလား။ ဒါမျိုးလေးတွေရှိတဲ့အတွက် ကလေး၊ လူကြီးတွေ အထိတ်အလန့်ဖြစ်ရတယ်။ ဒါတွေကို အခြေခံသဘောနဲ့ လုပ်တာပါ " ဟု တမူးလူငယ်ကွန်ယက်အဖွဲ့ဦးဆောင်သူ မအိသုန်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သော အဆိုပါဆွေးနွေးပွဲကို တမူးမြို့ အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် တမူးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ ကူကီးလူငယ်အဖွဲ့၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးအသင်း၊ တိုင်းရင်းသားအဖွဲ့တို့မှ ကိုယ်စားပြုသူများက ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့၊ ည ၉ ခွဲနာရီအချိန်ကျော်က တမူးမြို့၊ စော်ဘွား ၈ ရပ်ကွက်နေထိုင်သူ ကသည်းလက်နက်ကိုင်တစ်ဦး၏ ခြံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့အနီး နာဂ၊ ကသည်း၊ ကူကီး အစရှိသော လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချလှုပ်ရှားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly