ကာတွန်းပုံများ အလွဲသုံးစားလုပ်ခံရမှုအပေါ် ကန့်ကွက်စာထုတ်ပြီး မီဒီယာကောင်စီသို့ တိုင်ကြားမည်

By သဇင်လတ်၊ သဥၨာအောင်
06 July 2019
ကာတွန်းပုံများ အလွဲသုံးစားလုပ်ခံရမှုအပေါ် ကန့်ကွက်စာထုတ်ပြီး မီဒီယာကောင်စီသို့ တိုင်ကြားမည်
ကာတွန်းမိုးထက်မိုး

ရန်ကုန်၊ ဇူလိုင် ၆ ။           ။ ကာတွန်းပုံများကို ခွင့်ပြုချက် မယူဘဲ အသုံးပြုနေမှုများကို ကန့်ကွက်စာ ထုတ်သွားမည်ဖြစ်ပြီး မီဒီယာကောင်စီ သို့ တိုင်ကြားသွားမည်ဟု မြန်မာနိုင််ငံကာတွန်းဆရာများအသင်းမှ ကာတွန်းဆရာများက ဇူလိုင် ၆ ရက်က ပြောဆိုလိုက်သည်။

ကာတွန်းပုံများအလွဲသုံးစားပြုခံရသည်ဟု ပြောဆိုခဲ့ကြပြီး ဂျာနယ်အချို့တွင် ကာတွန်းပုံများကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုခြင်း၊ ပုံများကို ပြုပြင်အသုံးပြုခြင်းများရှိသည်ဟု ကာတွန်းဆရာများက ရန်ကုန်မြို့၊ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကာတွန်းဆရာတွေရဲ့ ခွင့်ပြုချက် မရယူဘဲနဲ့ အွန်လိုင်းက ဖြစ်စေ၊ သတင်းစာ၊ ဂျာနယ်က ဖြစ်စေ လွယ်လင့်တကူ ယူသုံးနေတယ။် အဲ့ဒီလို သုံးပြီးတော့ ဂျာနယ်မှာ ဖော်ပြခံရတဲ့ ကာတွန်းဆရာတွေကို ဂျာနယ်တိုက်မှာ စာမူခ လာထုတ်နိုင်ပါတယ် ဆိုပြီးတော့ လွယ်လွယ်ကူကူပဲ ကျွန်တော်တို့ ရေးသားခံရပါတယ်။ အနုပညာမှာ အဲလို လုပ်လို့မရပါဘူး။ အနုပညာပစ္စည်းတစ်ရပ်ဟာ အနုပညာဖန်တီးသူနဲ့ပဲ ဆိုင်ပါတယ်။ အဲ့တော့ ခွင့်ပြုချက်တောင်းဖို့ လိုပါတယ်”ဟု မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

လတ်တလောအနေဖြင့် ကာတွန်းဆရာ၏ ခွင့်ပြုချက်မရှိဘဲ ကာတွန်းများကို အသုံးပြုနေသော ဂျာနယ်နှစ်ခုရှိပြီး လူမှုကွန်ယက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းများတွင် ယူပြီး အသုံးပြုနေမှုများရှိသည်ဟု ကာတွန်းဆရာများဘက်မှ ဆိုသည်။

“ဂျာနယ်မှ မဟုတ်ဘူး အွန်လိုင်းမှာ အသုံးပြုနေတဲ့အခြားပေ့ချ်တွေ ရှိတယ်။ သူတို့ကုန်ပစ္စည်း ကြော်ငြာတဲ့ဟာတွေ ရှိတယ်။ အဲ့ဒီဟာတွေကလည်း ကျွန်တော်တို့ရဲ့ ကာတွန်းတွေကို ကျွန်တော်တို့ရဲ့ ခွင့်ပြုချက် မရဘဲနဲ့ တိုက်ရိုက်ယူသုံးတာလည်းရှိတယ်။ စာသားတွေပြင်ပြီးတော့ သူတို့ကုန်ပစ္စည်း ကြော်ငြာတွေမှာ ယူသုံးတာတွေ ရှိပါတယ်။ ကျွန်တော် ဒါတွေ သိရတဲ့အချိန်မှာ ချက်ချင်းဖုန်းဆက်ပြီးတော့ ကန့်ကွက်ကြောင်း ပြောတယ်။  တရားစွဲမယ်တွေ၊ဘာတွေပြောတော့သူတို့ပေ့ချ်ကနေ ပုံတွေ ပြန်ဖြုတ်ပေးတယ် ” ဟု ကာတွန်း ဖောင်းဖောင်းက သူ ကြုံတွေ့ခဲ့ရပုံကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံကာတွန်းဆရာများအသင်းအနေဖြင့် ကန့်ကွက်ကြောင်း မကြာမီ စာထုတ်ပြန်သွားမည် ဖြစ်ပြီး ဆက်လက်အသုံးပြုနေပါက မီဒီယာကောင်စီကိုပါ တိုင်ကြားသွားမည် ဟု မြန်မာနိုင်ငံကာတွန်းဆရာများ အသင်း ဒုဥက္ကဋ္ဌက ဆိုသည်။

“ ပထမဆုံးအနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်းစာထုတ်မယ်။ မီဒီယာကောင်စီကို တိုင်ကြားတာနဲ့ နောက်ဆုံး တရားဥပဒေနဲ့ပါ လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု ဒုဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

မူပိုင်ခွင့် အလွဲသုံးစားလုပ်ခံရသော ကာတွန်းဆရာများသည် ၄၈ ယောက်နီးပါးရှိှပြီး အချို့မှာမူ ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသည်ကို သဘောတူနေမှုများရှိသည်ဟု ကာတွန်းဆရာများဘက်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required