၃၁ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကျင်းပနိုင်ရန်အတွက် စုံညီအစည်းအဝေးပြုလုပ်

By နူးရာ
06 July 2019
၃၁ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကျင်းပနိုင်ရန်အတွက် စုံညီအစည်းအဝေးပြုလုပ်

ဇူလိုင်လ၊ (၆)ရက် ။          ။ လာမည့်  သြဂုတ်လ (၈)ရက်နေ့တွင် ကျရောက်မည့် ၃၁ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကျင်းပနိုင်ရန်အတွက် ဆုံညီအစည်းအဝေးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့သည်။

အဆိုပါ  ဆုံညီအစည်းအဝေးကို ရှစ်လေးလုံးအရေးတော်ပုံတွင် ဦးဆောင်သူများ ဖြစ်သည့်  ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးကိုကိုကြီး အပါအဝင် အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။

''အကြမ်းထည်ဆွေးနွေးတာပဲ ရှိသေးတယ်။ အခမ်းအနားကတော့ လုပ်ကို လုပ်ရမှာပါ။ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းတာလည်းပါမယ်၊ စွမ်းဆောင်ခဲ့တဲ့ အသက်စွန့်ခဲ့တဲ့ ရဲဘော်တွေကိုလည်း ဂုဏ်ပြုရမှာပေါ့။ နိုင်ငံရေးအနှစ်သာရတွေလည်း ပါဝင်အောင်လို့ တိုင်ပင်နေကြတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရ အရေးကြီးဆုံးအကြောင်းအရာ ဘာပါရမလဲပေါ့။ ဒါကျွန်တော် တို့ သုံးသပ်နေတာ။ ဆွေးနွေးနေကြတုန်းရှိသေးတယ်'' ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

 ရှစ်လေးလုံးဖြစ်စဉ်သမိုင်းကို လူငယ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် ပြခန်းငယ်တစ်ခု ဖွင့်လှစ်ပြသနိုင်ရေး စီစဉ်နေပြီး နေရာကို ပြန်လည်စဉ်းစားရမည်ဟု ဆက်ရောက်သူများက ပြောသည်။ ပြီးခဲ့သည့် နှစ်(၃၀)ပြည့် အခမ်းအနားကဲ့သို့ ဆွေးနွေးပွဲများကို ရက်ကြာကြာ မပြုလုပ်နိုင်သော်လည်း  နိုင်ငံတွင်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အဓိက မီးမောင်းထိုးပြနိုင်ရန် လုပ်ဆောင်မည်ဟု ဦးမင်းကိုနိုင်က ပြောသည်။

“ ပြတိုက်ပြခန်းတွေကို ငါးနှစ်တစ်ကြိမ်လောက် အင်တိုက်အားတိုက် လုပ်နိုင်ခဲ့တယ်။ ဒီနှစ်ကတော့ ဘဏ္ဍာရေးအခြေအနေလည်း ရှိမယ်။ နောက်ပြီးတော့ ၅နှစ်တစ်ကြိမ်လုပ်တာလောက်တော့ အများကြီး လုပ်နိုင်ကြမှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တတ်နိုင်သမျှ ရှိတဲ့ အင်အားလေးနဲ့ ဒါကို မမေ့မပျောက်သွားအောင်၊ ဒါတိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်တယ်ဆိုတာရယ်၊ သမိုင်းရဲ့ အချိုးအကွေ့က အင်မတန်အရေးကြီးတဲ့ အချိုးအကွေ့ကို ကွေ့ခဲ့တယ်ဆိုတာတော့ ဒါကိုတော့ ပေါ်လွင်အောင် လုပ်ရမယ်'' ဟု ဦးမင်းကိုနိုင်က ပြောသည်။

ရှစ်လေးလုံး ငွေရတု (၂၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင် စည်ကားခမ်းနားစွာ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် ကျရောက်သည့်  နှစ်၃၀ ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required