၂၀၂၁ ၌ ကျင်းပမည့် ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကနဦးပါဝင်

၂၀၂၁ ၌ ကျင်းပမည့် ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကနဦးပါဝင်
ဓာတ်ပုံ-The National

ရန်ကုန်၊ ဇူလိုင် ၆ ။           ။ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ( U20WC 2021) အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် မြန်မာနှင့် ထိုင်းတို့ လျှောက်ထားခဲ့ရာ ကနဦး ၅ နိုင်ငံစာရင်းတွင် အဆိုပြု ထည့်သွင်းထားကြောင်း ဇူလိုင် ၆ ရက်က အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ကြေညာလိုက်သည်။

အိမ်ရှင်နေရာကျင်းပခွင့်ရရေးအတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး အဆိုပြု ၅ နိုင်ငံစာရင်း၌ ပူးတွဲအိမ်ရှင်အဖြစ် ဘာရိန်းနိုင်ငံနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ ၊ UAE နိုင်ငံတို့မှ လည်းကောင်း၊ မြန်မာနှင့်ထိုင်းဘောလုံးအဖွဲ့ချုပ်တို့မှလည်းကောင်း၊  သီးခြားအိမ်ရှင်အဖြစ် ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ပီရူးတို့ ပါဝင်သည်။

အိမ်ရှင်နိုင်ငံအဖြစ် နောက်ဆုံးအပြီးသတ်ရွေးချယ်မှုကို လာမည့် အောက်တိုဘာ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် အစည်းအဝေးတွင် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA မှ ဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာအသင်းသည် ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲကို၂၀၁၅ ခုနှစ်က ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အုပ်စုအဆင့်တွင် အိမ်ရှင် နယူးဇီလန် အပြင် ယူကရိန်း ၊ အမေရိကန် တို့ကို ၃ ပွဲလုံး ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့်  ၂၀၁၅ ခုနှစ်အတွင်းက တစ်ကြိမ်သာ ယှဉ်ပြိုင်ထားပြီး ၆ နှစ်အကြာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၇ ခုနှစ်မှ စတင်ကာ ကျင်းပလာခြင်းဖြစ်ပြီး ၂၀၂၁ အတွက် အာဆီယံ ၃ နိုင်ငံမှ အိမ်ရှင်အဖြစ် အဆိုပြုခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly