မုံရှာ၊ ဇူလိုငျ ၆ ။ ။ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တု စမ်းသပ်တူးဖော်မည့် စီမံကိန်း ဖော်ဆောင်ပါက လက်ပံတောင်း ပဋိပက္ခထက် ပိုဆိုးနိုင်သည်ဟု ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စလှယ် ဒေါ်အောင်မေရီ က မဇၥ်ိမသို့ ပြောသည်။
တရုတ်နိုင်ငံ ယန်စီကုမ္ပဏီမှ ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တု စမ်းသပ်တူးဖော်မည့် စီမံကိန်းကို ၂၀၁၈ ဒီဇင်ဘာလကပင် ဒေသခံပြည်သူများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
“ ပြည်သူတွေ လက်မခံတာကို အစိုးရလူတွေ သိပါတယ် သူတို့တွေ သိသိကြီးနဲ့ကို ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ပြည်သူဆီကို အတင်းဇွတ်ဝင်ဝင်တိုးပြီး စည်းရုံးနေတယ် သူတို့တွေ ဇွတ်ထပ်တိုးလာရင် ဒေသက အကုန်အုံကြွလာမယ် လက်ပံတောင်းထက်ကို ပိုဆိုးနိုင်တယ် " ဟု ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက မဇၥ်ိမသို့ ပြောသည်။
ကုမ္ပဏီမှ သတ္တု စမ်းသပ်ရှာဖွေမည့် စီမံကိန်းနယ်မြေသည် ယင်းမာပင် မြို့နယ်တွင် တည်ရှိပြီး ဧက တစ်သိန်းကျော် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၁၃၉ ကျောင်းနှင့် စက်ရုံမြေ၊သာသနာ့မြေ၊ကြိုးဝိုင်း ကြိုးပြင် သစ်တောမြေများ ပါဝင်မည်ဖြစ်သည်။ အဆိုပါဒေသတွင် နေထိုင်သူ လူဦးရေ ၈ သောင်းကျော်ရှိကြောင်း ကိယ်စားလှယ် များထံက သိရသည်။
“ သစ်ပင်တစ်ပင်ဆုံးရှုံးသွားရင် သစ်ပင်တစ်ပင်အစားရပေမယ့် တောင်တစ်လုံး ဆုံးရှုံးသွားရင် တောင်တစ်လုံးပြန်မရဘူး ဒီတောင်ကြီးကို ဖြိုမယ့်အစား တနေ့ကို တစ်ရွာတစ်ယောက် လာသတ်သွားပါ ကျွန်တော်ကိုယ်တိုင် လူစုပြီးသွား အသတ်ခံပါ့မယ် သူတို့ရောင်းပြီးသားမို့ ဒေသခံတွေရဲ့ မြေယာတွေကို ထိခိုက်လာမယ် ဇွတ်တိုးလုပ်လာရင်တော့ တမျိုးပြန်လုပ်ရမယ်” ဟု စီမံကိန်း နယ်မြေအတွင်း ပါဝင်နေသည့် သပြေအေးကျေးရွာမှ ဦးသိန်းကျော်က မဇၥ်ိမသို့ ပြောသည်။
ဝါးစိမ်းတောင်ဒေသခံများသည် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြသည့် တောင်သူများ ဖြစ်ပြီး စီမံကိန်းကြောင့် စိုက်ပျိုးမြေများနှင့် သောက်သုံးရေ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဝါးစိမ်းတောင်စီမံကိန်းနှင့် ပက်သက်၍ တိုင်းဒေသကြီး အစိုးရရုံး ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးအား မဇ္စျိမက ဆက်သွယ်မေးမြန်ရာ အစည်းအဝေးခန်းထဲ ရောက်နေသည့်အတွက် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။
ကြေးနီးနှင့်စပ်ဆက်သတ္တုရှာဖွေစမ်းသပ်ရေး လျှောက်ထားမှုတွင် စစ်ကိုင်းတိုင်းအစိုးရမှ သဘောထားမှတ်ချက်မပေးသေးဘဲ ဆိုင်းငံ့ထားသည်ဟု ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောကြားထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများသည် ဇူလိုင်လ ၃ ရက်နေ့က ၀ါးစိမ်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ရာ ဒေသခံများက လက်မခံသည့်အတွက် အစည်းအဝေးပွဲ ပျက်ခဲ့သည်။