အစ္စရေးပိုင်နက်ထဲထိ ဖောက်လုပ်ထားတဲ့ ဟဇ်ဘိုလာရဲ့ လျှို့ဝှက်ဥမင်ကို ထုတ်ဖော်ပြသ

အစ္စရေးပိုင်နက်ထဲထိ ဖောက်လုပ်ထားတဲ့ ဟဇ်ဘိုလာရဲ့ လျှို့ဝှက်ဥမင်ကို ထုတ်ဖော်ပြသ

ဂျေရုဆလင်၊ ဇူလိုင် ၆ ။          ။ အစ္စရေးပိုင်နက်ထဲထိ လျှို့ဝှက်ဖောက်လုပ်ထားတဲ့ ဟဇ်ဘိုလာတွေရဲ့ မြေအောက်ဥမင်ကို အစ္စရေးနိုင်ငံက ထုတ်ဖော်ပြသလာပါတယ်။

တယ်လီဖုန်းနဲ့ လျှပ်စစ်မီးပါ အပြီးသတ် သွယ်တန်းထားပြီးဖြစ်တဲ့ မြေအောက် ၈၀ မီတာအနက်မှာ ဖောက်လုပ်ထားတဲ့ အဲဒီ တူးမြောင်းဟာ လက်ဘနွန်ရှီးယိုက် စစ်သွေးကြွအုပ်စု အစ္စရေးပိုင်နက်ထဲ ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်ခြောက်ခုက တစ်ခုဖြစ်ပြီး ဒီဥမင်တွေကို စက်ယန္တရားမသုံးဘဲ ဖောက်လုပ်ထားကြတာ ဖြစ်ပါတယ်။

ဇာရစ်မြို့အောက်မှာ ဖောက်လုပ်ထားတဲ့ ဒီဥမင်ဟာ အစ္စရေးက ဖော်ထုတ်တွေ့ရှိတဲ့ ဥမင်တွေထဲက ပိုင်နက်နယ်မြေအတွင်း ထဲထဲဝင်ဝင် ရောက်ရှိနေတဲ့ ဥမင်ပဲ ဖြစ်ပြီး အစ္စရေးနယ်ထဲ ၇၇ မီတာအထိ ရောက်ရှိနေတာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က အမျိုးသမီး ဗိုလ်မှူးကြီး လီဗိုင်းက ပြောပါတယ်။

“ခု ဖောက်လုပ်ထားတဲ့ ဥမင်ဟာ တော်တော်လေး ခေတ်မီတယ်။ ဒီဥမင် ဖောက်လုပ်တာအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသန်း ကုန်ကျမယ်လို့ ကျွန်မတို့ ခန့်မှန်းတယ်။ ဒီလို ဥမင်မျိုး နောက်ထပ် ငါးခု ရှာဖွေဖော်ထုတ်ထားနိုင်တယ်။”လို့ ၎င်းက ပြောပါတယ်။

“အရစ်ခွေပုံစံမျိုး ဖောက်လုပ်ထားတာပါ။ ဟဇ်ဘိုလာတွေက ဥမင်မှာ လှေကားတွေလည်း ထည့်သွင်းထားတယ်။ တော်တော်လေး ခေတ်မီတယ်။”လို့ ဗိုလ်မှူးကြီး လီဗိုင်းက ပြောပါတယ်။

ဂါဇာက ဟားမတ်စ်တွေ ဖောက်လုပ်တဲ့ ဥမင်တွေထက် ဟဇ်ဘိုလာတွေရဲ့ အခု ဥမင်တွေဟာ ငွေကြေးပိုအကုန်အကျခံထားပြီး အင်ဂျင်နီယာပညာရပ်မှာလည်း ပိုပြီး ခေတ်မီတယ်လို့ ၎င်းက ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ မြောက်ပိုင်းကာဒိုင်းဆိုတဲ့ စစ်ဆင်ရေးတစ်ရပ်ကို ၂၀၁၈ ဇန်နဝါရီမှာ စတင်ဆောင်ရွက်ခဲ့ပြီး နယ်စပ်ကနေ နိုင်ငံထဲ ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တွေကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဥမင်တွေကို အသုံးပြုပြီး တိုက်ခိုက်လာတာမျိုးတွေ မဖြစ်ပွားခဲ့ပေမယ့် အခု ဥမင်ဟာ အသုံးပြုဖို့ အလုံးစုံ အပြီးသတ်ထားတဲ့ ဥမင်တစ်ခုပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly