နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား

နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
မောမောနေလို့ ဆိုပြီး ဆေးခန်းသွားပြတဲ့လို့ ECG ဆွဲ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ နှလုံးသွေးကြောကျဉ်းနေတယ်ဆိုတဲ့ အဖြေပြန်ထွက်လာခဲ့ရင် လူတိုင်းလန့်သွားကြမှာပါ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ။ ပြန်ရော ပျောက်သွားတတ်လားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီဝင်လာမှာ ကျိန်းသေပါတယ် ။
နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ။

အဓိက မြင့်တက်နေတဲ ့သွေးတွင်းကိုလက်စရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သူတွေရဲ့ သွေးကြောနံရံလေးတွေမှာ အဆီတွေ တဖြည့်းဖြည်းစုပုံလာပြီးနောက်ပိုင်း သွေးကြောတွေမာခဲလာကာ သွေးကြောကျဉ်းလာပါတယ်။ ပျော့ပျောင်းလွယ်ဖြစ်ရမယ့် သွေးကြောလေးတွေ မာလာတာကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးဆီကို သွေးရောက်တာနည်းသွားမှာ ဖြစ်တဲ့အပြင် စုပုံနေတဲ့ သွေးကြောနံရံက အဆီလေးတွေ ကွာထွက်ကုန်ပြီး နှလုံးသွေးကြောပိတ်တဲ့ ပြဿနာတွေကိုပါ ဖြစ်စေတတ်ပါတယ်။
နှလုံသွေးကြော တစ်ခါကျဉ်းပြီးသွားရင် ပြန်ကောင်းတတ်လား ။

နှလုံးသွေးကြောက တစ်ခါကျဉ်းဖူးရင် ပုံမှန် ပြန်မဖြစ်နိုင်တော့ပါဘူး။ နှလုံးသွေးကြော တစ်ခါကျဉ်းဖူးတဲ့လူနာတစ်ယောက်အတွက် အရေးကြီးဆုံးက ရောဂါပိုဆိုးမလာအောင် တားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပိုဆိုးမလာအောင် တားဖို့ဆို များနေတဲ့ ကိုလက်စရောကို ပြန်ကျအောင်ထိန်းဖို့နဲ့ အခြား စားသောက်မှုတွေ နေထိုင်မှု ပုံစံတွေကို ပြောင်းဖို့လိုအပ်ပါတယ်။ ကျဉ်းနေတဲ့သွေးကြောကို ခွဲစိတ်မှု ပြုလုပ်ပြီးပြန်ချဲ့တာ၊ ပိတ်နေတဲ့ သွေးကြောကို stent ထည့်တာမျိုးတွေ လုပ်လို့ရပါတယ်။
ပြောင်းလဲသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကတော့

ကိုလက်စရောပြန်ကျအောင် ထိန်းဖို့က ကိုလက်စရောများစေတဲ့ အစားအသောက်တွေကို အဓိက ရှောင်ရမှာဖြစ်ပြီး တက်နေတဲ့ ကိုလက်စရောပြန်ကျဖို့ ဆေးသောက်ရမှာ ဖြစ်ပါတယ်။

  •     အသီးအရွက်များများစားပါ။ ပေါင်မုန့်တွေ ဆီကြောမုန့်တွေ အစား အသီးအနှံတွေ များများစားပါ။
  •     မပြည့်ဝဆီ တွေက သွေးထဲမှာ များနေတဲ့အဆီတွေကို လျှော့ချပေးနိုင်စွမ်းရှိတာကြောင့် မပြည့်ဝဆီ ကြွယ်ဝတဲ့ သံလွင်ဆီ၊ ထောပတ်သီးနဲ့ အစေ့အဆံတွေ စားပေးပါ။
  •     စားစရာတွေမှာပါတဲ့ ဟင်းအဆီ၊ ဝက်ဆီ၊ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
  •     ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ပြည့်ဝဆီတွေ များနေတဲ့ တာရှည်ခံအစားအစာတွေ၊ နှစ်ပြန်ကြော်တွေနဲ့ အခြား ဆီကြော်မုန့်တွေကို ရှောင်ပါ။
  •     ဆားလျှော့စားပါ။ အငန်စားများရင် သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးနောက်ဆက်တွဲအနေနဲပ နှလုံးသွေးကြောကျဉ်းတဲ့ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် အငန်လျှော့စားဖို့ အရေးကြီးပါတယ်။
  •     အရက်လုံးဝရှောင်လိုက်ပါ။ ကျန်းမာရေးအတွက် ကောင်းကျိုးမပြူတဲ့ အရက်၊ ဘီယာတို့မှာ ကယ်လိုရီ အများကြီးပါတဲ့အပြင် သွေးတိုးလည်းဖြစ်စေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတဲ့သူတွေ အတွက် သတိပြုစရာပါ။
  •     ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ကိုယ်တိုင်က နှလုံးသွေးကြောကျဥး်စေတဲ့အဓိက တရားခံ ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။
  •     လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်ပါ။ နှလုံးညှစ်အားနဲ့ သွေးလည်ပတ်မှုကို ကောင်းစေတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလေးလည်း လုပ်ပေးဖို့လိုပါတယ်။ နာရီဝက်ကနေ ၁ နာရီလောက်အထိ လုပ်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly