အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ

အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido – လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation – မွေးကတည်းက လိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။
ISD ဘယ်နှစ်မျိုးရှိသလဲ။

အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။

  •  ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာတော့ လိင်စိတ်မဖြစ်ပေါ်ဘဲ တခြားသူတွေနဲ့သာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတာ
  • ဘယ်သူ့အပေါ်ကိုမှ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်ခြင်းမရှိတာ
  • အိမ်ထောင်ကျကာစမှာ မကြာခဏချစ်တင်းနှောတတ်ပြီး နောက်ပိုင်းမှာ အသားတောင်အထိမခံချင်တော့အထိ ဖြစ်တာအိမ်ထောင်ဖက်နှစ်ဦးမှာ တစ်ဦးက လိင်မှုကိစ္စဘက်ကို အလွန်အမင်းအားသန်ပြီး ကျန်တဲ့တစ်ယောက်က ချစ်သူလိုအင်ကို နည်းနည်းမှ ဖြည့်ပေးဖို့ စိတ်မပါဝင်စားတာ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။

ဘယ်လိုအချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် နည်းသွားနိုင်လဲ။

  •     အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်
  •     ချစ်ရသူနဲ့ ဝေးကွာရစဉ်
  •     အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်ဆဲအပြီး
  •     သွေးဆုံးသွားပြီးနောက်
  •     အလုပ်နဲ့ ဘဝထပ်တူမကျတာတွေဟာ လိင်စိတ်ဆန္ဒကို အဟန့်အတားဖြစ်စေပြီး အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေပါ ဖြစ်လာစေနိုင်ပါတယ်။

လိင်ဆက်ဆံချင်စိတ်ကို နည်းသွားစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

  •     လင်မယား၊ ချစ်သူကြား အမြဲရန်ဖြစ်စကားများတာ
  •     စကားကို အမြဲဘုကလန့် ပြောတတ်တာ
  •     တစ်ဖက်သားကို ချိုးနှိမ်ဆက်ဆံတာ
  •     အိမ်ထောင်ဖက်၊ ချစ်သူဘာလုပ်နေလဲဆိုပြီး အချိန်ပြည့်ထိန်းချုပ်ဖို့ ကြိုးစားတာ
  •     အမြဲလိုလို ဝေဖန်တာ၊ အပြစ်မြင်တာ
  •     ကိုယ်သာလျှင် အမှန်ဖြစ်တယ်လို့ တထစ်ချယူဆထားတာ
  •     ယုံကြည်မှုကိုချိုးဖောက်တာ၊ အိမ်ထောင်ဖောက်ပြန်တာ
  •     သံယောဇဉ်နည်းသွားတာ
  •     အတိတ်မှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတာ
  •     လိင်မှုကိစ္စဆိုတာ မကောင်းတဲ့အရာတစ်ခုလို့ မိဘတွေရဲ့ သွန်သင်ဆုံးမတာ ခံခဲ့ရတာ
  •     ကိုယ်တစ်ယောက်တည်းအတွက် သီးသန့်အချိန်ပို မရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လင်မယား၊ ချစ်သူတွေကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကုသမှုမခံယူဘူးဆိုရင်တော့ အချစ်ရေးနဲ့ လူမှုရေးကိစ္စတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေက အမြဲလိုလို ဖြစ်နေမှာပါ။ တစ်ခါတလေမှာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်မှုတွေ၊ စိတ်နဲ့ခန္ဓာ ပြဿနာတွေဖြစ်တဲ့

  •     လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း
  •     လိင်တံ မထောင်မတ်နိုင်ခြင်း
  •     သုက်လွှတ်မြန်ခြင်း
  •     သုက်လွှတ်ရန် ကြာလွန်းခြင်း၊ သုက်မထွက်နိုင်ခြင်း
  •     မကောင်းမြင်စိတ်များလွန်းခြင်း
  •     ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ခြင်း
  •     စိတ်ဖိစီးမှုများခြင်း
  •     စိတ်ကျရောဂါ
  •     ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်ခြင်း
  •     အရက်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း
  •     မကြာခဏ ဖျားနာခြင်း
  •     နာကျင်မောပန်းလွယ်ခြင်း
  •     ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
  •     ကျားဟော်မုန်းနည်းသွားခြင်း
  •     သွေးဆုံးကိုင်ခြင်း
  •     သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ
  •     ကင်ဆာရောဂါ
  •     လိင်မှတစ်ဆင့်ကူးစက်ရောဂါ
  •     ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာတွေ
  •     အဆစ်အမြစ်ကိုက်ခဲခြင်းတို့ကြောင့်လည်း လိင်စိတ်ဆန္ဒကို ကျဆင်းသွားစေနိုင်ပါတယ်။

ဒီရောဂါကို ဘယ်လိုကုသမလဲ။

ISD ကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းတွေ အများကြီး စုပုံလာတဲ့အခါ ဝေဒနာရှင်အတွက် လိင်ပိုင်းဆိုင်ရာ အဟန့်အတားများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်မှာ ဒီလိုပြဿနာရှိနေပြီလို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

၁။ အရင်ဆုံး ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို သွေးစစ်ကြည့်မှာပါ။

၂။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်ထဲမှာရှိတဲ့ ကျားဟော်မုန်း (လိင်စိတ်ဆန္ဒကို အဓိကဖြစ်စေတဲ့ ဟော်မုန်း) ပမာဏကို စစ်ဆေးမှာဖြစ်ပါတယ်။

၃။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ပန်းသေပန်းညှိုး၊ လိင်တံမထောင်မတ်နိုင်ခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်း၊ မိန်းမကိုယ် ကျဉ်းမြောင်းနေခြင်း ရှိ၊ မရှိကို ဆရာဝန်အနေနဲ့ မေးမြန်းစစ်ဆေးသွားမှာပါ။

၄။ ရောဂါဖြစ်စေတဲ့ တရားခံအကြောင်းရင်းပေါ်မူတည်ပြီး ကျန်းမာရေးကုသမှုခံယူသင့်လား၊ လိင်အကြံပေးပညာရှင် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်နဲ့ ဆွေးနွေးဖို့ လိုအပ်လားဆိုတာကို အကြံပေးသွားမှာဖြစ်ပါတယ်။

၅။ အဓိက စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ လူနာရှင်၊ သူ့ရဲ့အိမ်ထောင်ဖက်နဲ့ တစ်ဦးချင်းစီ ဆွေးနွေးတိုင်ပင်ပြီး ဖြစ်နေတဲ့ ပြဿနာအကြောင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ စိတ်ကုထုံးကို စတင်မှာဖြစ်ပါတယ်။ အဓိက စိတ်ကြောင့်ဖြစ်တာဆိုရင် စိတ်ကုထုံးနဲ့ ကုသမှုပေးမှာပါ။

၆။ ဟော်မုန်းနည်းတဲ့ ပြဿနာဆိုရင်တော့ အမျိုးသမီးတွေဆိုရင် ကျားဟော်မုန်း၊ မဟော်မုန်း ၂မျိုးလုံးကို လိုအပ်သလောက် အစားထိုးထည့်သွင်းပေးမှာဖြစ်ပြီး အမျိုးသားဆိုရင်တော့ ကျားဟော်မုန်းအစားထိုးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

၇။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံဖြစ်စေဖို့ တစ်နေ့တာ ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုပြုမူပြောဆိုနေထိုင်သင့်လဲ၊ လိင်စိတ်ဆန္ဒမြှင့်တင်ပေးဖို့ စားပေးသင့်တဲ့ အစားအစာတွေ၊ စိတ်ရော ခန္ဓာပါ ကျန်းမာစေမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အချိန်သေချာ ပေးပြီးတော့ ကုသမှုခံယူဖို့လိုပါတယ်။ ဒါပေမယ့် လုံးဝမပျောက်နိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာကြောင့် အိမ်ထောင်ရေးမှာရော၊ ကိုယ်ချစ်ရတဲ့သူကိုပါ ကိုယ့်ဘဝထဲက ထွက်ခွာမသွားစေဖို့ စောစောသိလေ ကုသမှုအမြန်ဆုံး ခံယူတာတော့ အကောင်းဆုံးပဲ ဖြစ်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly