5G ကွန်ရက်အသုံးပြု မောင်းသူမဲ့ ကားတွေ ပြေးဆွဲဖို့ စမ်းသပ်ရာ မြို့အတု တောင်ကိုရီးယား တည်ဆောက်

5G ကွန်ရက်အသုံးပြု မောင်းသူမဲ့ ကားတွေ ပြေးဆွဲဖို့ စမ်းသပ်ရာ မြို့အတု တောင်ကိုရီးယား တည်ဆောက်

ဆိုးလ်၊ ဇူလိုင် ၅ ။        ။ တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိအသုံးပြုနေပြီဖြစ်တဲ့ 5G နည်းပညာကို အသုံးပြုတဲ့ ခေတ်ရှေ့ပြေး မောင်းသူမဲ့ကားတွေ စမ်းသပ်ပြေးဆွဲဖို့ မြို့အတုကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ဆိုးလ်မြို့ရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၄၀ အကွာက ဟွာဆောင်းမြို့မှာ အတုဖြစ်တဲ့ မြို့ငယ်တစ်မြို့ကို တည်ဆောက်တာဖြစ်ပြီး အဲဒီ မြို့အသစ်မှာ စာသင်ကျောင်း၊ မီးသတ်ဌာန၊ စာတိုက်၊ စူပါမားကတ်နဲ့ အခြားတောင်ကိုရီးယားက မြို့ကြီးတွေရဲ့ အင်္ဂါရပ်အတိုင်း တည်ဆောက်ထားတာပါ။

ကဖေးဆိုင်တွေလည်း ပြည့်နှက်နေတဲ့ ဒီမြို့အသစ်မှာ ၂၄ နာရီ ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေပါ ဖွင့်လှစ်ထားတာ ဖြစ်ပေမယ့် မြို့ရဲ့ ပုံစံကတော့ အခြားမြို့ပြတွေလို နေရာလွတ်ကွင်းပြင် မရှိပါဘူး။

ကမ္ဘာပေါ်မှာ မောင်းသူမဲ့ကားတွေ အကြီးဆုံး စမ်းသပ်ရာဖြစ်တဲ့ ဒီ မြို့တုကို K-City လို့ နာမည်ပေးထားကြောင်း ကိုရီးယား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှု အာဏာပိုင်အဖွဲ့ အကြီးအကဲ ယုံဒိုဂျောင်က ပြောပါတယ်။
“ပြည့်စုံတဲ့ 4G နဲ့ 5G ဝန်ဆောင်မှုနဲ့အတူ ဒီလို မြို့တုတည်ဆောက်ပြီး စမ်းသပ်မှု လုပ်တာဟာ တောင်ကိုရီးယားက ပထမဆုံးပဲ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

5G ဝန်ဆောင်မှုဟာ မိုဘိုင်းဆက်သွယ်ရေး နောက်ဆုံးပေါ် နည်းပညာဖြစ်ပြီး တောင်ကိုရီးယားဟာ ကမ္ဘာ့ပထမဆုံးအဖြစ် ဧပြီလအတွင်းမှာ 5G ကွန်ရက်ကို စတင်ဖြန့်ကြက်ခဲ့တာပဲ ဖြစ်ပါတယ်။
“တကယ့် အရေးကြီးဆုံးကတော့ ကျွန်တော်တို့ဟာ ပြည်သူကို ပွင့်လင်းမြင်သာစွာ သိရှိစေတာပါ။ K-City မြို့က မောင်းသူမဲ့ကားတွေ စမ်းသပ်စီးနင်းမှုကို ဘယ်ပြည်သူကိုမဆို ခွင့်ပြုသွားမှာ ဖြစ်ပြီး ဒါဟာ ၂၀၂၀ အဆုံးထိ

စမ်းသပ်ပြေးဆွဲနေဖို့ ရှိပါတယ်။ မောင်းသူမဲ့ကား ကဏ္ဍမှာတော့ တောင်ကိုရီးယားအစိုးရအတွက် စိန်ခေါ်မှုပါပဲ။”လို့ ယုံဒိုဂျောင်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly