မလေးရှားပြည်ဝင်ခွင့်ဗီဇာအတွက် ငွေကုန်ကြေးကျများမှုအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးခွန်းထုတ်မည်

မလေးရှားပြည်ဝင်ခွင့်ဗီဇာအတွက် ငွေကုန်ကြေးကျများမှုအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးခွန်းထုတ်မည်

ဇူလိုင် ၅ ရက်၊ ရန်ကုန် ။        ။ မလေးရှားပြည်ဝင်ခွင့်ဗီဇာပြုလုပ်ရာတွင် အချိန်ကြန့်ကြာခြင်း၊ ငွေကုန်ကြေးကျများခြင်းအပေါ်  နိုင်ငံခြားရေးဝန်ကြီး ဌာနကို မေးမြန်းသွားမည်ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၏  ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ အမှန်အတိုင်းပြောရရင် အာဆီယံနိုင်ငံမှာ ဗီဇာအဓိကယူရတဲ့နိုင်ငံက မလေးရှားနိုင်ငံ၊ ကျန်တဲ့ စင်ကာပူတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့၊ ဖိလစ်ပိုင်တို့ဆိုတာ ဗီဇာလည်းမယူရပါဘူး။ အဲ့တော့ ဗီဇာခကုန်ကျတာတွေ၊ အချိန်ကြန့်ကြာတာတွေလည်း မရှိဘူး။ ဒီမလေးရှားတစ်နိုင်ငံပဲ ဗီဇာဝင်ရတာ အဆင်မပြေဘူး။ အခကြေးငွေလည်း အများကြီးကုန်တယ်။ ဘာကြောင့်မလေးရှားနဲ့ကျမှ ဒါမျိုးအချက်တွေအရမ်းများပြီးတော့ ကုန်ကျစရိတ်အရမ်းများသလဲပေါ့နော်။ အဲ့တာတွေ နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးဖို့ရှိပါတယ်” ဟု ၄င်းက ပြောသည်။

မလေးရှားသံရုံး၏ လက်အောက်ရှိ ဗီဇာအတွက် ဝန်ဆောင်မှုပြုလုပ်ပေးသော One Stop Center (OSC) ရုံးမှ မကြာသေးခင်က ဗီဇာပြုလုပ်ခြင်းဆိုင်ရာစည်းကမ်းချက်များထပ်မံထုတ်ပြန်ခဲ့ပြီး ၄င်းစည်းကမ်းချက်များကြောင့် ဗီဇာပြုလုပ်သူများအတွက် အချိန်နှင့် ငွေကုန်ကြေးကျမှုပိုများစေသည်ဟု  ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူ က ဆိုသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့ ဗီဇာယူတဲ့အခါကျရင် သံရုံးနဲ့ပဲ တိုက်ရိုက်လုပ်ဆောင်တာပေါ့။ သံရုံးနဲ့ တိုက်ရိုက်လုပ်တော့ ရှင်းတယ်။ အခုကျတော့ ဒီ OSC ဆိုတာပါလာတဲ့အခါမှာ သူတို့က ကြားက ဝန်ဆောင်မှုပေးတယ်ဆိုတဲ့အခါမှာ ပိုပြီးတော့ ကြန့်ကြာတယ်။ တကယ်တမ်းဗီဇာကြေးက ၆ ဒေါ်လာပဲရှိတယ်။ သူတို့ကကြားထဲက ၅၁ ဒေါ်လာ ထပ်ယူထားတာ။ အဲ့အခါကျတော့ ပိုလာတဲ့ ပိုက်ဆံက အလုပ်သမားတွေပဲ ပေးရတာ။ ISC လက်ဗွေနှိပ်တာဆိုလည်း ၂၆ ဒေါ်လာ၊ အဲ့တာကလည်း ပေါက်စျေးနဲ့ရှင်းရတာမဟုတ်ဘူး။ ပေါက်စျေးထက် ၁၅ ကျပ်လောက်ပိုပေးပြီး ရှင်းရတာ။ အကိုတို့ကို အစိုးရက သတ်မှတ်ထားတာ ဒေါ်လာ ၈၅ဝ သတ်မှတ်ထားတာ။ အဲ့ဒီ ၈၅ဝ ထဲမှာ ဒီအချက်တွေမပါဘူး။ သူတို့ဘက်က တောင်းတဲ့ဟာက အလုပ်သမားက ကုန်ကျရတာ” ဟု ၄င်းက ပြောသည်။

ထိုအခက်အခဲများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးမှုများကို  မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် OSC ရုံးမှ တာဝန်ရှိသူများ ဇွန်လ ၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required