ဗစ်တိုးရီးယားအမှုအတွက် ကျောင်းကြီးကြပ်ရေးမှူး၏ သားနှစ်ဦးနှင့် လုံးဝမသက်ဆိုင်ဟု ဒုရဲချုပ်ပြော

ဗစ်တိုးရီးယားအမှုအတွက် ကျောင်းကြီးကြပ်ရေးမှူး၏ သားနှစ်ဦးနှင့် လုံးဝမသက်ဆိုင်ဟု ဒုရဲချုပ်ပြော

ရန်ကုန်၊ ဇူလိုင်၅ ။           ။ နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် ကျောင်းကြီးကြပ်ရေးမှူး၏ သားနှစ်ဦးနှင့် လုံးဝမသက်ဆိုင်သည့်အပြင် DNA စစ်ဆေးချက်အရလည်း တူညီမှုမရှိဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ် အောင်နိုင်သူ ကသတင်းထောက်များသို့ပြောသည်။

ဇူလိုင် ၅ ရက်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ယင်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကျောင်းကြီးကြပ်ရေးမှူး၏ သားနှစ်ဦးကို DNA စစ်ဆေးခဲ့ပါသလားဟု မီဒီယာများ၏ မေးမြန်းမှုကို “ အဲ့တာကတော့ ဟုတ်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ လုံးဝမတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် အဲ့ဒီ့အချိန်မှာ အဲ့ကိုမရောက်ပါဘူး” ဟု ဒုရဲချုပ် အောင်နိုင်သူက ဖြေဆိုခဲ့သည်။

လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရသည့် ကလေးငယ်၏ပြောဆိုချက်တွင် ကိုကိုဟုသောစကားလုံးနှင့် ဆရာမနှင်းနုဟူသော စကာလုံးများပါဝင်သည့်အတွက် ရဲတပ်ဖွဲ့မှပြန်လည်စိစစ် စစ်ဆေးခဲ့ရသည်ဟု လည်း ၎င်းကဆိုသည်။
“ ဒီကလေးရဲ့သဘောသဘာဝကိုက သူ့အတန်းထဲမှာ ရွယ်တူတွေအားလုံးကို Friend လို့ပဲ ခေါ်ပါတယ်။ သူက သူ့အဖေလောက်အရွယ်တွေကိုပဲ ကိုကိုခေါ်ပါတယ်။ ဒါလည်းသူ့ရဲ့ ထူးခြား ချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရ မုန်းခြင်း၊ ချစ်ခြင်းမပါဘူး။ ကျွန်တော်တို့ လုပ်ရ မယ့်အလုပ်ကိုပဲ လုပ်သွားတာဖြစ်ပါတယ်” ဟု ဒုရဲချုပ် အောင်နိုင်သူကပြောသည်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ကျောင်းကြီး ကြပ်ရေးမှူး၏ သားနှစ်ဦးအပေါ် လူမှု ကွန်ယက်သုံးစွဲသူများအကြား စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။

“ နာမည်က ကိုကိုဆိုပြီးဖြစ်နေတာ ကျောင်းကြီးကြပ်ရေးမှူးရဲ့ သားနဲ့နာမည် တူနေလို့သာ ကျွန်တော်တို့က စိစစ်လိုက်ရတာဖြစ်တယ်။ ဒီကလေးတွေ တကယ်တော့ နစ်နာပါတယ် “ ဟု ၎င်းကပြောသည်။

အဆိုပါအမှုတွင် သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသော ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကို လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရသောကလေးငယ်က CCTV ထဲကြည့်နေစဉ်  “အဲ့တာကိုကို” ဟုပြောကြားခဲ့ကြောင်းလည်း ဒုရဲချုပ် အောင်နိုင်သူကဆိုသည်။ ထို့အပြင် ကလေးငယ် ပြောဆိုခဲ့သည့်စကားများထဲမှ “ဆရာမနှင်းနု” ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေး ခဲ့ကြောင်းပြောဆို သော်လည်း အဆိုပါအပိုင်းကိုမူ တိတိကျကျ ဖြေဆိုခဲ့ခြင်းမရှိပေ။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၄ ရက်နေ့တွင်  အဆိုပါ မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏  ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီး ကို ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး နေပြည်တော်ရှိ၊ ဒက္ခိဏခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင် လိုက်ပြီဖြစ်သည်။

မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် ယာဉ်မောင်းဖြစ်သူကို မှုခင်းရဲတပ်ဖွဲ့ (CID)မှ  အချိန် ၁ လကြာ စစ်ဆေးခဲ့ပြီးနောက် တရားစွဲတင်ရန် သက်သေမခိုင်လုံဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လွှတ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လူသက်သေ၊ ပစ္စည်းသက်သေများအရ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဘက်မှတာဝန်ယူပေးမှု အပိုင်းမှာမူ ကျောင်းစည်း ကမ်း၊ အုပ်ချုပ်ပုံနည်းစနစ်များဖြင့်သာ သက်ဆိုင်ကြောင်း ဒုရဲချုပ်မှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံဖြစ်သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲတင်လိုက်ပြီ ဖြစ်သော် လည်း ရန်ကုန်မြို့ခံအချို့မှ အမှန်တရားအတွက်ဟုဆိုကာ မူလအစီအစဉ်အတိုင်း အင်းစိန် CID ရုံးရှေ့သို့ ဇူလိုင်လ (၆) ရက်နေ့တွင် ချီတက်ဆန္ဒပြသွားမည်ဟုလည်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုစောချစ် သက်ထွန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုထားသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required