ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဆယ်စုနှစ် ၂ စုအတွင်း အားအပြင်းဆုံး ငလျင်လှုပ်

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဆယ်စုနှစ် ၂ စုအတွင်း အားအပြင်းဆုံး ငလျင်လှုပ်

ဇူလိုင် ၅ ။         ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနိးယား တောင်ပိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အင်အားအပြင်းဆုံး ငလျင်တစ်ခု လှုပ်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ၊ မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

လော့စ် အိန်ဂျလိစ်မြို့ အရှေ့မြောက်ပိုင်း မိုင် ၁၅၀ ခန့်အကွာ Ridgecrest မြို့အနီးမှာ ဇူလိုင် ၄ ရက်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။

အားပြင်း ငလျင်ကြောင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု ကြီးကြီးမားမား ပျက်စီးသွားခဲ့ပေမယ့် လူနေထူထပ်တဲ့ ဧရိယာဘက်မှာတော့ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုတွေပဲဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့အခမ်းအနား ဆင်နွှဲကျင်းပနေစဉ် ယခုလို ငလျင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးနောက် Ridgecrest မြို့တွင်းနဲ့ ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကို ငြိှမ်းသတ်နေခဲ့ရကြောင်း၊ လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

ယခု ငလျင်မတိုင်ခင် လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က ကယ်လီဖိုးနီးယားတောင်ပိုင်းမှာပဲ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ထားခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly