အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေကြတဲ့သူတွေက အရင်ဆုံးတွေးမှာက အစားလျှော့မယ် ၊ ဂျင်မ်သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီသောက်မယ် ဆိုတဲ့နည်းလမ်းတွေပါပဲ။ ဒီထဲက နည်းလမ်းတစ်ခုခုကို ရွေးချယ်လိုက်တယ်၊ သေချာလိုက်နာတယ်ဆိုတာတောင် ဝိတ်ကသိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါဘာ့ကြောင့်ဖြစ်မလဲ။ ပြန်တွေးကြည့်ရအောင် ။

ဒီလိုဖြစ်စေတဲ့နောက်ကွယ်က တရားခံဟာ အိပ်ချိန်မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမယ့် အိပ်ချိန်မမှန်တာကတော့ ဝိတ်ပြန်ချလို့မလွယ်အောင် ဟန့်တားနေတာဖြစ်ပါတယ်။

အိပ်ချိန်မမှန်တာက လူ့ကျန်းမာရေးအတွက် ပြဿနာတွေအများကြီးပေးနိုင်တာ သိကြပြီးဖြစ်မှာပါ။ အမေရိကန်သုတေသနတစ်ခုအရ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။

အရွယ်ရောက်ပြီးသူတွေက အနားယူဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန်  တစ်နေ့ကို အနည်းဆုံး ၇ နာရီရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက မနက်အိပ်ရာနိုးချိန်မှာ ပြည့်ပြည့်ဝဝအနားယူခဲ့ရတယ်လို့မခံစားရကြောင်း ဖြေကြားခဲ့ကြပါတယ်။ ညက သေချာအိပ်မပျော်ခဲ့ဘူးပေါ့။

အိပ်ရေးမဝခြင်းက သွေးလည်ပတ်မှု၊ မှတ်ဉာဏ်နဲ့ လူမှုဆက်ဆံရေးတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အခုတစ်ခါမှာတော့ အိပ်ရေးမဝခြင်း သို့မဟုတ် အိပ်စက်ခြင်းပြဿနာတွေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်း ကြားက ဆက်နွှယ်မှုကို သုတေသနတစ်ခုက International Journal of Obesity  ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

လေ့လာမှုရလဒ်တွေအရ ကောင်းကောင်းမအိပ်တဲ့ ကိုယ်အလေးချိန်များသူတွေဟာ အိပ်စက်မှုပုံမှန်ရှိတဲ့ ဘဝတူတွေထက် အဆီချအစီအစဉ်မှာ အောင်မြင်မှုနည်းပါတယ်။

တွေ့ရှိချက်ရလဒ်တွေအရ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် ခါးနဲ့ဗိုက်အဆီကျနိုင်ခြေ ပိုနည်းတာကို တွေ့ရပါတယ်။

ဒီတွေ့ရှိချက်တွေက ဇီဝကမ္မဖြစ်စဉ်မမှန်တဲ့သက်ကြီးပိုင်းတွေမှာ ကိုယ်အလေးချိန်နဲ့ အဝလွန်ခြင်းအပေါ် အိပ်စက်ခြင်းရဲ့အရေးပါပုံကို မြင်သာစေတယ်လို့ သုတေသီတွေကပြောပါတယ်။

ဒါ့ကြောင့် plan မျိုးစုံနဲ့ အပင်ပန်းခံဝိတ်ချနေတဲ့သူတွေအနေနဲ့ အိပ်စက်မှုစက်ဝန်းကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ထိထိရောက်ရောက်ဝိတ်ကျချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့မဖြစ်တော့ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly