ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား………

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား………

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိုးရာသီက စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုပေမယ့် ကောင်းကျိုးနဲ့ ဆိုးပြစ်ကဒွန်တွဲနေပါတယ်။ မိုးဖွဲဖွဲလေးက ရှင်သန်နိုးထမှုကိုများစွာကိုဖြစ်စေပါတယ်။ မိုးရေနဲ့အတူ သစ်ပင်ပန်းမန်တွေနိုးထလာသလို စိုက်ခင်းလေးတွေလည်း အသက်ဝင်လာတယ်လေ။ ဒါတင်ပဲမဟုတ်ပါဘူး။ အေးမြတဲ့ရာသီဥတုနဲ့အတူ နိုးထလာတဲ့အထဲမှာ တုပ်ကွေးဗိုင်းရပ်စ်လည်းပါတယ်နော်။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေမြဲကိုး။
ယခုနှစ်မိုးနဲ့အတူနိုးထလာခဲ့တဲ့တုပ်ကွေးတွေကဘာတွေများလဲ………..

ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ နိုးထလာခဲ့တဲ့ တုပ်ကွေးတွေက တစ်ခုမကရှိနေပါတယ်။ ဒါတွေကတော့

  •      ရာသီတုပ်ကွေး (H1N1)
  •     ဆင်တုပ်ကွေး (Chikungunya)
  •     သွေးလွန်တုပ်ကွေး (Dengue Fever) တို့ပေါ့။ အခုလောလောဆယ်တော့ ဒီတုပ်ကွေး ၃ မျိုးက အဖြစ်အများဆုံးပါ။

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိထားလဲ……….

အခုတလောအဖြစ်များနေတဲ့ တုပ်ကွေးတစ်မျိုးက ဆင်တုပ်ကွေးပါ။ ဒီတုပ်ကွေးနဲ့ပတ်သက်လို့ Hello ဆရာဝန်ပရိသတ်ကြီးရော ဘယ်လောက်ထိသိထားပြီးပြီလဲ ဆိုတာ ဒီဆောင်းပါလေး ဖတ်ရင်းဆန်းစစ်ကြည့်ရအောင်လား။

ဆင်တုပ်ကွေးက လူအချင်းချင်းကူးနိုင်လား…….

ဆင်တုပ်ကွေးက လူတစ်ယောက်ကနေတစ်ယောက်ကို ကိုင်တွယ်ထိတွေ့မိရုံ၊ နီးနီးကပ်ကပ်နေရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးရဲ့ ထူးခြားချက်က ရောဂါပိုးရှိတဲ့ လူကို ကိုက်ထားတဲ့ ခြင်ကိုက်ခံရမှ ဆင်တုပ်ကွေးရောဂါပိုး ကူးစက်နိုင်တာပါ။

ဒီနှစ်အတွက် တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်၊ လုံလောက်ပြီလား……

နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာက ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒါပေမယ့်ဒီနေရာမှာ သိထားဖို့လိုတာက တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးကိုသာ ကာကွယ်နိုင်တာဖြစ်ပြီး ဆင်တုပ်ကွေးကို မကာကွယ်နိုင်ဘူးဆိုတာပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကို ဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင် ဆေးသောက်လိုက်ရင် ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ရောဂါကူးစက်ခံရပြီး ဘယ်အချိန်မှာ ရောဂါလက္ခဏာပေါ်လာနိုင်လဲ…….

ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ ကိုယ်ပူတာ၊ခေါင်းကိုက်တာ၊ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာကနေစလို့ ခန္ဓာကိုယ်မှာ ပင်ပန်းနုံးချိတာတွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။

ဆင်တုပ်ကွေးက အသက်အန္တရာယ်ရှိလား…….

ဆင်တုပ်ကွေးက ခံစားရခက်ပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမှုကို လနဲ့ချီပြီးခံစားရတာ တစ်ခါတလေမှာ နှစ်နဲ့ချီပြီး ခံစားရတာရှိနိုင်ပေမယ့် ဆင်တုပ်ကွေးကြောင့် အသက်သေဆုံးတာမျိုးကတော့ ဖြစ်ခဲပါတယ်။

ဆင်တုပ်ကွေးကိုကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကဘာလဲ……

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းက ခြင်ကိုက်မခံရအောင်ကာကွယ်တာပါပဲ။ ဒါကြောင့် နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး လေဝင်လေထွက်နဲ့ အလင်းရောင်ကောင်းအောင်ထားပေးပါ။ ဖုံး၊သွန်၊လဲ၊စစ်လုပ်ဖို့ မမေ့ပါနဲ့။

ဘယ်သူတွေမှာပိုပြင်းထန်နိုင်လဲ………

ဆင်တုပ်ကွေးက ဒီလိုအခြေအနေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

  •     မွေးကင်းစကလေးငယ်တွေ
  •     အသက် ၆၅ နှစ်အထက် ဖိုးဖိုးဖွားဖွားတွေ
  •     ဆီးချိုရောဂါရှိသူတွေ
  •     သွေးတိုးရောဂါခံစားနေရသူတွေ
  •     နှလုံးရောဂါခံစားနေရသူတွေ နဲ့
  •     နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူတွေမှာ ဆင်တုပ်ကွေးက ပိုဆိုးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly