မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတစ်ယောက်ကို အရင်ဆုံးကြည့်ရင် မျက်နှာကနေပဲ စကြည့်တတ်ကြတာနော်။ ဒီတော့ နှုတ်ခမ်းသားကခြောက်ပြီး အက်ကွဲနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ အလှပျက်ရပြီပေါ့။ နှုတ်ခမ်းခြောက်တယ်ဆိုတာ ဆောင်းရာသီမှာမှ ဖြစ်နိုင်တာမဟုတ်ဘူးနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရော၊ ခုလို အေးမြပြီး မိုးတစ်ဖွဲဖွဲဖြစ်နေတဲ့ မုတ်သုံရာသီမှာပါ နှုတ်ခမ်းခြောက်ပြီးကြမ်းသွားနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ မုတ်သုံရာသီအတွက် နှုတ်ခမ်းအလှမပျက်စေဖို့ ကာကွယ်ပုံနည်းလမ်းတွေကို အဓိက ပြောပြပေးချင်ပါတယ်။
နှုတ်ခမ်းအလှမပျက်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

၁။ နှုတ်ခမ်းခြောက်နေတယ်ဆိုပြီး လျှာနဲ့လျက်တဲ့ အကျင့်ကိုဖျောက်ပါ။ တံတွေးနဲ့စိုသွားတော့ နှုတ်ခမ်းလေးပြောင်လက်သွားမှာပဲလို့ ထင်တတ်ကြပေမယ့် ဒီအကျင့်က ကိုယ့်ရဲ့ နှုတ်ခမ်းကိုပိုခြောက်အောင် နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်ထဲမှာရှိနေတဲ့ အင်ဇိုင်းတွေက အစာခြေဖို့အတွက် ကူညီပေးတာဖြစ်လို့ နှုတ်ခမ်းပေါ်ရောက်သွားတဲ့အခါ အရေပြားကို ယားယံစေနိုင်လို့ပါ။

၂။ ကိုယ်ခန္ဓာအရေပြားအတွက် Scrub တိုက်ပြီးကြေးချွတ်ပေးဖို့လိုသလို နှုတ်ခမ်းကိုလည်း Scrub တိုက်သင့်ပါတယ်။ မကြာခဏဆိုသလို အပြင်က ဖုန်မှုန့်တွေကပ်နေတာ၊ နေရောင်ခြည်ဒဏ်ကြောင့် နှုတ်ခမ်းအပေါ်ယံအရေပြားမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးသွားတဲ့အခါ ဒီဆဲလ်တွေကို ချွတ်ချဖို့အတွက် Scrub တိုက်ပေးရပါမယ်။

၃။ မျက်နှာသစ်ပြီးတဲ့အခါ နှုတ်ခမ်းကို ပြောင်အတိုင်းမထားပါနဲ့။ နှုတ်ခမ်းလှအဆီ (Lip Balm) ကို ပါးပါးလေးလိမ်းပေးပါ။ သူက အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး နှုတ်ခမ်းသားအက်ကွဲတာကို ကုသပေးနိုင်တယ်။ အဆီဓာတ်ပါဝင်မှုကြောင့် နှုတ်ခမ်းသားကိုခြောက်မသွားစေဘဲ စိုလက်လက်လေး ဖြစ်နေစေပါတယ်။ ပြင်ပနေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်တယ်နော်။

၄။ နှုတ်ခမ်းကို သွားတိုက်တံနဲ့ ခြစ်ချတာ၊ လက်နဲ့ ပွတ်သပ်ကိုင်တွယ်တာ၊ နှုတ်ခမ်းအရေပြားကို လက်နဲ့ခွာတာမျိုးတွေ မလုပ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်ပြီး အသားပပ်နေတဲ့အချိန်ဆိုရင် ပိုပြီးတောင် မလုပ်သင့်ပါဘူး။ ဆီနည်းနေတဲ့အချိန် နှုတ်ခမ်းသားပိုခြောက်ပြီး အက်ကွဲနိုင်လို့ပါ။

၅။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေက ဘယ်အချိန်ပဲဖြစ်ဖြစ် စိုလက်ပြီး ကြည်လင်ဝင်းပနေမှာအသေအချာပါပဲ။

၆။ ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကိုလည်း စားပေးပါ။ အစားအစာကနေ လုံလောက်မှုမရှိဘူးလို့ ထင်ရင် ဗီတာမင် စီ အားဆေးတွေကို သောက်ပေးလို့ရပါတယ်။

ရာသီဥတုအေးတဲ့ ခုလိုအချိန်ကာလဆိုရင် နှုတ်ခမ်းခြောက်ပြီး အသားပပ်တာတွေ အဖြစ်များတာမို့ ကိုယ့်အသားအရေ မပျက်စီးအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်နော်။ အရေပြားဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly