အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ်မှ ရာဟူးလ်ဂန္ဓီ နုတ်ထွက်

အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ်မှ ရာဟူးလ်ဂန္ဓီ နုတ်ထွက်

နယူးဒေလီ၊ ဇူလိုင် ၅ ။           ။ အိန္ဒိယရဲ့ အတိုက်အခံ အမျိုးသားကွန်ဂရက်ပါတီရဲ့ ဥက္ကဌအဖြစ်ကနေ နုတ်ထွက်ကြောင်းကို ရာဟူးလ်ဂန္ဓီက ဇူလိုင် ၃ ရက်နေ့မှာ အတည်ပြုပါတယ်။

မေလအတွင်းက ရွေးကောက်ပွဲမှာ အာဏာရ BJP ပါတီကို ရှုံးနိမ့်အပြီးမှာ ခုလို နုတ်ထွက်တာဖြစ်တာကြောင့် အတိုက်အခံပါတီကြီးအနေနဲ့ ဦးဆောင်ဦးရွက်ပြုသူ ကင်းမဲ့သွားပါတယ်။

နိုင်ငံရေးမျိုးဆက်ကြီးမားပြီး အိန္ဒိယဝန်ကြီးချုပ်တွေရဲ့ မြေးမြစ်ဖြစ်သူ ရာဟူးလ်ဂန္ဓီရဲ့ ပါတီဟာ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တာပါ။ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ ဦးဆောင်တဲ့ BJP ပါတီက ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၀၃ နေရာ ရရှိပြီး ရာဟူးလ်ရဲ့ ပါတီကတော့ ၅၂ နေရာပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၉ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်နေရာကနေ ကျွန်တော် နုတ်ထွက်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ ပါတီရဲ့ ရှေ့အနာဂတ်မှာ အားကောင်းမောင်းသန်ဖြစ်ဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။”လို့ ရာဟူးလ်က ပြောပါတယ်။

အိန္ဒိယမှာ အခြားပါတီတွေထက် အာဏာရကာ တိုင်းပြည်ကို အရှည်ကြာဆုံး အုပ်ချုပ်ဖူးတဲ့ ကွန်ဂရက်ပါတီဟာ နေရူး-ဂန္ဓီမျိုးဆက််ရဲ့ အမာခံနယ််မြေ ရာဟူးလ်ဂန္ဓီရဲ့ ကိုယ်ပိုင်မဲဆန္ဒနယ်မှာပဲ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

“ပါတီ ပြည်လည်အားသစ်လောင်းရေးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချခဲ့ပြီး ခုလို နုတ်ထွက်ရတာပါ။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် တော်တော်များများ ပါတီဝင်တွေအနေနဲ့လည်း တာဝန်ခံယူ ရှိရမှာ ဖြစ်ပါတယ်။”လို့ နုတ်ထွက်စာမှာ ရာဟူးလ်ဂန္ဓီက ရေးသားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly