အမြတ်ရဖို့ မီတာခ တိုးမြှင့်ခြင်းမဟုတ်ဟု ဝန်ကြီးဌာန ရှင်းလင်း

အမြတ်ရဖို့ မီတာခ တိုးမြှင့်ခြင်းမဟုတ်ဟု ဝန်ကြီးဌာန ရှင်းလင်း

နေပြည်တော်(ဇူလိုင် ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရခြင်းသည် နို်င်ငံတော်အစိုးရအနေဖြင့် အမြတ်ရအောင် လုပ်ဆောင်ခြင်းမဟုတ်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

မီတာခ တိုးမြှင့်ကောက်ခံရန် ကြေငြာပြီးနောက် နေပြည်တော်ရှိ ဝန်ကြီးဌာနတွင် ဇူလိုင်လ ၅ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတော်အနေနဲ့၊ ဝန်ကြီးဌာနအနေနဲ့ အမြတ်ရဖို့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ကုန်ကျစရိတ်ကာမိအောင် ဒါပြောင်းလဲတာ” ဟု ဦးတင်မောင်ဦးက ပြောသည်။

ထို့ပြင် ရေရှည်တိုးတက်ကောင်းမွန်ရန် တိုးချဲ့ရမည့် လျှပ်စစ်လုပ်ငန်းများအတွက် လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ ဓာတ်အားမရရှိသေးသည့် ဒေသများ ဓာတ်အားရရှိစေရန် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်သည့် စွမ်းအား ပိုမို တိုးတက်စေရန် လည်းကောင်း စသည့် အချက်များကြောင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံရခြင်း ဖြစ်သည်ဟု ဦးတင်မောင်ဦးက ဆက်လက် ပြောကြားသည်။

ဝန်ကြီးဌာန၏ စာရင်းများအရ လျှပ်စစ်ကဏ္ဍအတွက် နို်င်ငံတော်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၂ဒဿမ၈၃ဘီလီယံ၊ ၂၀၁၅-၁၆ခုနှစ်တွင် ၄၅၄ဒဿမ ၇၅ဘီလီယံ၊ ၂၀၁၆-၁ရခုနှစ်တွင် ၃၅၁ဒဿမ ၇၀ ဘီလီယံ၊ ၂၀၁၇-၁၈ခုနှစ်တွင် ၄၀၃ဒဿမ ၃၃ ဘီလီယံနှင့် လက်ရှိ ၂၀၁၈-၁၉ခုနှစ်တွင် ၈၈၂ဒဿမ ၈၅ ဘီလီယံခန့် စိုက်ထုတ် သုံးစွဲနေရခြင်း ဖြစ်သည်။

“ဓာတ်အားခ ပြောင်းလဲတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို စီမံကွပ်ကဲနိုင်ဖို့အတွက်လည်း အစီအမံတွေကို မီတာမှန်မှန်ဖတ်ဖို့တွေ၊ အချိန်မီ ဖတ်ရှုဖို့တွေ ဒါတွေကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာတွေကို ရုံးချုပ်မှာ ခေါ်ယူပြီးတော့ အကုန်လုံး လမ်းညွှန်ပြီးတော့ မှန်မှန်ကန်ကန် ဖတ်ဖို့နဲ့ ယူနစ်တွေကို တိတိကျကျ ဖတ်ဖို့ အကုန်လုံးကို လမ်းညွှန်၊ မှာကြားခဲ့ပြီး ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။

 

ယခုလ ဇူလိုင် ၁ရက်က စတင်ပြောင်းလဲလိုက်သည့် ဓာတ်အားခနှုန်းထားသည် အိမ်သုံးတစ်ယူနစ်လျှင် ၃၅ကျပ်မှ ၁၂၅ကျပ်အထိ သုံးစွဲမှု ပမာဏအပေါ် မူတည်ကောက်ခံသွားမည်ဖြစ်ပြီး အိမ်သုံးမဟုတ်သည့် လျှပ်စစ်မီတာ အမျိုးအသားများအတွက် တစ်ယူနစ်လျှင် ၁၂၅ကျပ်မှ ၁၈ဝအထိ တိုးမြှင့်ေ ကာက်ခံသွားမည် ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly