ထိုင်းမှာ အွန်လိုင်းစတား ဖြစ်နေတဲ့ ရေဝက်လေး မာရီယမ်

ထိုင်းမှာ အွန်လိုင်းစတား ဖြစ်နေတဲ့ ရေဝက်လေး မာရီယမ်

ဇူလိုင် ၄ ။       ။ ထိုင်းနိုင်ငံမှာ မာရီယမ်လို့ အမည်ပေးထားတဲ့ ပင်လယ်ရေဝက်တစ်ကောင်ကတော့ ယခုအခါ လူမှုကွန်ရက်ပေါ် စတား ဖြစ်နေလျက် ရှိကြောင်း သိရပါတယ်။

Dugong လို့ သိကြတဲ့ ရေဝက်လေး မာရီယမ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အစာကျွေးချိန်မှာ ရင်ခွင်ထဲ တယုတယ ပိုက်ပြီးမှ ကျွေးမွေးတဲ့ နည်းလမ်းအသုံးပြုမှုအပေါ် စိတ်ဝင်တစား ရှိနေကြလျက် ရှိပါတယ်။

မိဘမဲ့လည်းဖြစ်တဲ့ မာရီယမ်ကို ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်နေတဲ့ ပုံရိပ်တွေကြောင့်လည်း ယင်းနိုင်ငံမှာ ပင်လယ်သမုဒ္ဒရာ  ထိန်းသိမ်းရေးလုပ်ငန်းစဉ်အပေါ် လူအများ စိတ်ပါဝင်စားမှုကို အကူအညီဖြစ်စေလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ ခြောက်လသားအရွယ်ရှိ ရေဝက်လေး မာရီယမ်ကို တွေ့ရှိပြီးနောက်ပိုင်းကတည်းက ထိန်းသိမ်းစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။

မာရီယမ်ကိုတော့ ဖူးခက် ပင်လယ်ရေကြောင်း ဇီဝစင်တာမှာ သက်ဆိုင်ရာ ဥယျာဉ်တာဝန်ရှိသူတွေ၊ သဘာဝဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက နေ့စဉ် ဂရုတစိုက် ပြုစုစောင့်ရှောက်နေလျက်ရှိတာဖြစ်ပါတယ်။

မာရီယမ်ကို တိရစ္ဆာန်ဆရာဝန်တွေ ရင်ခွင်ထဲ ပိုက်ပြီး အစာကျွေးနေတဲ့ ပုံတွေ ဆိုရှယ်မီဒီယာပေါ် ရောက်လာပြီးနောက်ပိုင်းကတည်းက လူသိများလာတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ပင်လယ်ရေကြောင်းနဲ့ ကမ်းရိုးတန်းအရင်းအမြစ် ဌာန က မာရီယမ်ရဲ့ အခြေအနေနဲ့ နေ့စဉ်လှုပ်ရှားမှုကို မကြာခဏ အွန်လိုင်းပေါ် တင်ပေးနေရတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly