အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူတို့၏ နိုင်ငံဖြစ်၍ ဒုက္ခသည်များကို လက်ခံကြိုဆိုသင့်ဟု ဂျွန်ကယ်ရီပြော

အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူတို့၏ နိုင်ငံဖြစ်၍ ဒုက္ခသည်များကို လက်ခံကြိုဆိုသင့်ဟု ဂျွန်ကယ်ရီပြော

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ။          ။ ဆီးရီးယားဒုက္ခသည်များကို လက်ခံကြိုဆိုမှုအား ဆန့်ကျင်သူတို့အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အောက်တိုဘာ ၉ က ဝေဖန် တိုက်ခိုက်ခဲ့ပြီး အမေရိကန်နိုင်ငံသည်ပင် ရွှေ့ပြောင်းအခြေချသူများက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။

အခြားနိုင်ငံများသို့သွားရောက် အခြေချသည့်လူများအတွက် ရည်မှန်းကျင်းပသည့် Global Diaspora Week အထိမ်းအမှတ်ပွဲတွင် ကယ်ရီက ပြင်ပလာရောက်သူများအတွက် နယ်စပ်များ ပတ်ထားရန် တောင်းဆိုမှုများကို ပယ်ချခဲ့သည်။

"ရွှေ့ပြောင်းအခြေချသူတွေက အမေရိကကို တည်ဆောက်ခဲ့ပြီး ဒီကနေ့အမေရိက အခြေအနေရောက်အောင် ရွှေ့ပြောင်းအခြေချသူတွေကပဲ ဆက်လက်လုပ်ဆောင်တာဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့ရာ အခမ်းအနားကျင်းပသော ရွှေ့ပြောင်းအခြေချလူ့အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များက ချီးကျူးသြဘာပေးခဲ့သည်။

ဆီးရီးယားလူမျိုး ၁၀,၀၀၀ အပါအဝင် ကမ္ဘာတစ်ဝန်းမှ လူ ၁၀၀,၀၀၀ ထိ အမေရိကန်က လက်ခံမည့် ဒုက္ခသည်အရေအတွက်တိုးမြင့်ရန် ဆုံးဖြတ်ချက်ကို ကယ်ရီက ကာကွယ်ခဲ့သည်။

ထို့အပြင် အန္တရာယ်ကင်းရှင်းသည့်နေရာတစ်ခု အဆောတလျင်လိုအပ်နေသူများကို ကြိုဆိုသည့် သမိုင်းတစ်ခု အမေရိကန်ပြည်သူများတွင် ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ရှိ လူအချို့ အထူးသဖြင့် ရီပတ်ဘလစ်ကင် သမ္မတလောင်းအမည်စာရင်းတင်သွင်းခံရသည့် ကွန်ဆာဗေးတစ်ကိုယ်စားလှယ်လောင်းများက နောက်ထပ်ဒုက္ခသည်များ ဝင်ခွင့်ပြုမည့် အစီအစဉ်များကို ရှုတ်ချလျက်ရှိသည်။ ဆီးရီးယားနှင့် အီရတ်ရှိ စစ်ပွဲများမှ ထွက်ပြေးလာသူများအား လက်ခံရာတွင် ဂျီဟတ်ဝါဒီများ ရောပါလာမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။

သို့သော်လည်း ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခုဖြစ်ပေါ်နေစဉ် ဆီးရီးယားဒုက္ခသည်များအား လက်ခံရေးလုပ်ငန်းစဉ်ကို အရှိန်မြင့်လုပ်ဆောင်ရန် သမ္မတဘာရက်အိုဘားမားက ၎င်း၏အစိုးရအဖွဲ့အားအမိန့်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly