မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ရန်ကုန်တွင်လှုပ်ရှားမှုပြုလုပ်

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ရန်ကုန်တွင်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၄ ။          ။ တရုတ်နိုင်ငံမှတည်ဆောက်ရန် ကြိုးပမ်းနေသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် လှုပ်ရှားမှု တစ်ခုကို ဇူလိုင် ၄ ရက်နေ့က ရန်ကုန်မြို့လယ်တွင်ပြုလုပ်ခဲ့သည်။

မြစ်ဆုံဆည်ကြီးတည်ဆောက်ခဲ့ပါက ကြုံလာနိုင်သော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ တစ်နိုင်ငံ လုံးတွင် ဖြစ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို ရေးသားထားသည့် လက်ကမ်းစာစောင်များကို ရန်ကုန်မြို Junction Square ၊ မြေနီကုန်းမီးပွိုင့်နှင့် မဟာဗန္ဓုလပန်းခြံအရှေ့တို့တွင် လူ၂၀ ခန့်က ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။

“နိုင်ငံသားအခွင့်အရေးအရပဲ နောက်ဆုံးမှာ အားလုံး၊ တစ်နိုင်ငံလုံးရဲ့ သဘောတူညီချက်၊ ပြည်သူတွေလည်း အားလုံး ကျွန်တော်တို့ ကွန်ရက်နဲ့ ပူးပေါင်း ပြီးတော့ ညီညွတ်သွားတဲ့အခါကျရင် ဆန္ဒပြမှာပါ။ ဆန္ဒပြတဲ့ အဆင့်ထိလုပ်မှာပါ” ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ  ဦးဇော်ရမ်း ကဆိုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းစာချုပ်အား တစ်လအတွင်း တရားဝင်မိတ္တူကူးခွင့်ပြုပေးရန်တောင်းဆိုချက်ကို အစိုးရမှခွင့်မပြုခဲ့၍ ပထမအဆင့်အနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေရခြင်းဟုလည်း ၎င်းကဆိုသည်။

ထို့အပြင် ကွန်ရက်အနေဖြင့် မြစ်ဆုံဆည်ဖျက်သိမ်းရေးကိုသာ လိုလားနေပြီး အစိုးရမှ ပြန်လည် တည် ဆောက်မည့် သဘောထားမျိုးပြောကြားလာသောကြောင့်  စာချုပ်အားချပြရန် တောင်းဆိုရခြင်းဟုလည်း ဦးဆောင်သူတစ်ဦးဖြစ်သော ဦးအောင်မြင့် ကဆိုသည်။

“အမြင့်ပေ ငါးရာ နဲ့ အလျားပေ တစ်မိုင်ရှိတဲ့ ဒီဆည်ကြီးကျိုးသွားမယ်ဆိုရင်မြန်မာပြည်ရဲ့ကံကြမ္မာက ဆူနာမီထက်ဆိုးသွားမယ်။ ဆွမ်းသွတ်စရာ ဘုန်းကြီး တောင်ကျန်မှာမဟုတ်ဘူး။ မြစ်ဆုံဆည်သာ ကျိုးသွားမယ်ဆိုရင်” ဟု ၎င်းကပြောသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်စောင်ဖြန့်ဝေခြင်းကို ဇူလိုင်လဆန်းပိုင်း တွင် မန္တလေးမြို့၌ပြုလုပ်ခဲ့သေးသည်။

“မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် ၏ စာရင်းများအရ တစ်နိုင်ငံလုံးတွင် ဇူလိုင် ၄ ရက်နေ့အထိ လက်ကမ်းစာစောင် တစ်သောင်းဝန်းကျင်ခန့် ဖြန့်ဝေပြီးပြီဟုလည်းသိရသည်။

မြစ်ဆုံစီမံကိန်းသည် ယခင်စစ်အစိုးရလက်ထက်၌ တရုတ်နိုင်ငံနှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည့် စီမံကိန်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly