နေပြည်တော်မှကလေးငယ်အမှုတွင် ယာဉ်မောင်းကို တရားစွဲတင်မှုအား ရှေ့နေအချို့ မှတ်ချက်ပြု

နေပြည်တော်မှကလေးငယ်အမှုတွင် ယာဉ်မောင်းကို တရားစွဲတင်မှုအား ရှေ့နေအချို့ မှတ်ချက်ပြု
AFP PHOTO / ROMEO GACAD

ရန်ကုန်၊ ဇူလိုင် ၄ ။            ။ နေပြည်တော် ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာ ကျောင်းတက်နေသည့် အသက် ၂ နှစ် နှင့် ၁၁ လအရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းအား တရားစွဲတင်သည့် အပေါ် တရားလွှတ်တော်ရှေ့နေအချို့က မှတ်ချက်ပြုသည်။

 “တရားစွဲမတင်မှီ မမှန်သူကို တရားစွဲမတင်မိအောင် ပြုလုပ်ဖို့ လိုပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးသည် အလွန် အရေးကြီးသလို မမှန်သူကို တရားစွဲတင်မိ၍ လွတ်သွားသောအမှုများ ရှိခဲ့တာ များလှပါပြီ။ မှားစွဲခံရသော သူများအတွက် ဘဝပျက်သည်အထိ ဖြစ်ရပ်များ တွေ့မြင်နေရပါသည်။ အစိုးရက ပြောလို့၊ မီဒီယာက ရေးလို့၊ FB က ဖွလို့ မမှန်ဘဲ တရားစွဲခံနေရတာတွေကို မြင်အောင်ကြည့်ကြပါလေ။ ရန်ကုန်မြို့မှာ စာကလေးငှက် တောင် အဖမ်းခံရ ငွေနဲ့ရွေး၍ပြန်လွှတ်ခံရ ” ဟု  တရားလွှတ်တော်ရှေ့နေ ဦးနေလ က လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မော်တော်ယာဉ်မောင်းဖြစ်သူ အောင်ကျော်မိုး( အသက် ၃၀ နှစ်) အား နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် ယနေ့ ဇူလိုင် ၄ ရက်တွင် တရားစွဲတင်လိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးကမူ အဆိုပါသူ မဟုတ်ပါက အထောက်အထားများ ရှာဖွေပြီး ရဲတပ်ဖွဲ့အား ကူညီပေးစေလိုကြောင်း ဆိုသည်။

" ပြည်သူလူထုအနေနဲ့ကတော့ ကျွန်တော်ထင်တယ်ဗျာ။ စုံစမ်းစစ်ဆေးနေတဲ့ လူတွေလောက်သိချင်မှလည်း သိနိုင်မယ်ပေါ့ဗျာ။ တကယ်တမ်းအမှုကို တည်ဆောက်ပြီးတော့ စွဲတင်လာတဲ့အခါမှာ ဟုတ်သလား၊ မဟုတ်သလားကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရဲကချည်းပဲ ဆောင်ရွက်မှာမဟုတ်ဘူးလေ။ ဥပဒေရုံးကို တင်ပြဦးမှာပဲ။ တင်ပြလို့ ဥပဒေရုံးက မဖြစ်နိုင်ဘူးထင်ရင်လည်း မဖြစ်နိုင်ဘူးလေဗျာ။ သက်သေခံ လိုအပ်သေးတယ် ဆိုရင် လိုအပ်သေးတယ်၊ ဘာတွေ ဆက်လက်စုံစမ်းပေး၊ မဟုတ်ရင်လည်း မဟုတ်ဘူး ဆိုတဲ့အကြောင်း သူတို့ ပြောမှာပါ။ အခုက ဖမ်းတဲ့ကိစ္စပဲ ရှိသေးတယ်။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ် ဆိုတာကတော့ ဒါက လူတွေရဲ့ ထင်မြင်ချက်တွေပါပဲ။ လူတိုင်းရဲ့ ထင်မြင်ချက်ကတော့ အမှန်ဖြစ်ချင်မှ ဖြစ်မှာပေါ့ဗျ။ ရဲတွေ လုပ်နေတယ်ဆိုတဲ့ ကိစ္စကို ပြီးအောင်၊ တရားစွဲတင်တဲ့အချိန် ထိအောင်တော့ စောင့်ကြည့်သင့်တယ်။ နောက်တစ်ခုက ကိုယ်တိုင်သိနေတဲ့ အချက်အလက်တွေရှိတယ်။ သူ မဟုတ်ဘူး။ တရားခံဘယ်သူဆိုတာက သိနေတဲ့ အချက်အလက်တွေရှိနေတယ်ဆိုရင်လည်း ရဲတပ်ဖွဲ့ကို ကူညီလိုက်ကြပါ။ သူကတော့မဟုတ်ဘူး။ ဒါသေချာပြီ၊ မဟုတ်ဘူးဆိုတဲ့ အထောက်အထားလည်း ကိုယ်စီမှာ ရှိနေတယ်ဆိုရင် ရဲတပ်ဖွဲ့ကို ပြောပြလို့ရပါတယ်။ ပြီးရင် ဘယ်သူဖြစ်နိုင်ဆိုတဲ့ အထောက်အထားရှိရင်လည်း ရဲတပ်ဖွဲ့ကို ကူညီလိုက်ရင် အမှုမှန်တည်ဆောက်ရတာမြန်တာပေါ့ဗျာ။ ထိုင်ဝေဖန်နေရင်တော့ အလုပ် လုပ်တဲ့သူတွေလည်း အတော်ခက်ကြပါလိမ့်မယ်"ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါအမှုသည် တစ်လခွဲကျော် ကြာမြင့်နေပြီး အမှုနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ လူအများအပြားက စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly