အီတလီမှာ မီးတောင်ပေါက်ကွဲ၊ တစ်ဦး သေဆုံး

အီတလီမှာ မီးတောင်ပေါက်ကွဲ၊ တစ်ဦး သေဆုံး

ဇူလိုင် ၄ ။       ။ အီတလီနိုင်ငံ စစ္စလီ ကမ်းရိုးတန်းမြောက်ဘက်ကမ်းလွန်က စထရောင်ဘိုလီကျွန်းပေါ်ရှိ မီးတောင်တစ်ခု ဇူလိုင် ၃ ရက်က ပေါက်ကွဲခဲ့ပြီးနောက် လူတစ်ဦးသေဆုံးပြီး အခြား တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း မီးတောင်ပေါက်ကွဲချိန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက် ကြားခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသွားသူကတော့ အပျော်ခြေလျင်ခရီးသွားသူ တစ်ယောက်ဖြစ်ကြောင်း သိရပေမယ့် ၎င်းဘယ်သူဘယ်ဝါ၊ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို ယခုထက်ထိ သိရှိရသေးခြင်းမရှိပါဘူး။

မီးတောင်ပေါက်ကွဲပြီး ကျောက်တုံးတွေ၊ ချော်ရည်တွေ၊ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့ပြီးနောက် အောက်ဘက် တောင်ကုန်းပေါ်မှာ မီးလောင်ကျွမ်းမှုတွေဖြစ်လို့  မီးသတ်သမားတွေ ၀ိုင်းဝန်းငြိမ်းသတ်နေရလျက် ရှိတယ်လို့လည်း သိရပါတယ်။

မီးတောင်ပေါက်ကွဲချိန် မှုတ်ထုတ်လိုက်တဲ့ အဖြူရောင် မီးခိုးလုံးကြီးတွေကို ယင်းကျွန်းကနေ မိုင်များစွာဝေးတဲ့နေရာတွေကနေတောင် လှမ်းမြင်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly