အငြင်းပွား တောင်တရုတ် ပင်လယ်တွင် မီးပြတိုက်များ တည်ဆောက်မှု တရုတ်အပြီးသတ်

အငြင်းပွား တောင်တရုတ် ပင်လယ်တွင် မီးပြတိုက်များ တည်ဆောက်မှု တရုတ်အပြီးသတ်

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၀ ။           ။ ပေကျင်း၏ ပင်လယ်ပြင်ရည်မှန်းချက်များအပေါ် ဒေသတွင်းတွင် တင်းမာမှုများမြင့်တက်နေစဉ် အငြင်းပွားတောင်တရုတ်ပင်လယ်တွင် မီးပြတိုက်နှစ်ခု တည်ဆောက်မှုအား အပြီးသတ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီက အစီရင်ခံလိုက်သည်။

စပရက်တလီကျွန်းများရှိ John South သန္တာကျောက်တန်းနှင့် Cuateron သန္တာကျောက်တန်းပေါ်တွင် မီးပြတိုက်များ တည်ဆောက်ပြီးစီးမှုအခမ်းအနားကို ကျင်းပခဲ့သည်ဟု ရှင်ဟွာက အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်းက ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဖိလစ်ပိုင်ကမူ ယင်းသို့တည်ဆောက်မှုကို ဆန့်ကျင်ခဲ့ကြသည်။

စွမ်းအင်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံး၏ ဧရိယာအများစုကို ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။နှစ်စဉ် ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ငါးထရီလီယံမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်၊ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည်။

လွတ်လပ်စွာမောင်းနှင်မှုဟုဆိုကာ မိမိတို့၏ ရေပိုင်နက်အား ကျူးကျော်မှုကို သည်းခံမည်မဟုတ်ဟု တရုတ်က အောက်တိုဘာ ၉ ရက်ကပြောကြားခဲ့သည်။ အမေရိကန်ကလည်း စပရက်တလီကျွန်းစုတွင် တရုတ်တည်ဆောက်ထားသော ကျွန်းများပတ်ပတ်လည် ရေမိုင် ၁၂မိုင်အတွင်း ရေပြင်များသို့ စစ်သင်္ဘောများ မောင်းနှင်ရန် အမေရိကန်က စဉ်းစားနေသည်။

စပရက်တလီကျွန်းစုရှိ ကျွန်းတန်းများပေါ် တရုတ်တည်ဆောက်ထားသော ကျွန်းအချို့အပေါ် ပေကျင်း၏ အချုပ်အခြာအာဏာပိုင်မှုကို အသိအမှတ်မပြုကြောင်း ဝါရှင်တန်က အချက်ပြနေသည်။ ထို့အပြင် နိုင်ငံတကာဥပဒေက ခွင့်ပြုသည့် မည်သည့်နေရာမဆို အမေရိကန်ရေတပ်က ဆက်လက်မောင်းနှင်မည်ဟုလည်း ပြောကြားခဲ့သည်။

ယင်းပြသနာက ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုမြင့်မားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ တရုတ်က ၎င်းတို့၏ တည်ဆောက်မှုမှာ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကပ်ဘေးဒုက္ခသက်သာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ပင်လယ်ပြင်မောင်းနှင်မှုလုံခြုံရေးတို့အတွက် ကူညီရန်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly