သံဓာတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

သံဓာတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သံဓာတ်အားနည်းလို့မဖြစ်ဘူး၊ သွေးအားနည်းလိမ့်မယ်ဆိုပြီး သံဓာတ်ကြွယ်ဝတာတွေစားကြတယ်။ အားဆေးတွေသောက်ကြတယ်။ အထူးသဖြင့်မိန်းကလေးတွေ သံဓာတ်ပိုလိုအပ်တယ်ဆိုပြီး အားဆေးတွေသောက်ကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးပါပဲ။ သံဓာတ်နည်းလွန်းလည်းမကောင်းသလို များလွန်းရင်လည်း ဆိုးကျိုးတွေရှိနိုင်တာ သတိထားဖို့လိုပါတယ်။

ကျန်းမာရေးပြဿနာအမျိုးမျိုးမှာ သံဓာတ်ရဲ့အခန်းကဏ္ဍကို လေ့လာခဲ့တဲ့သုတေသနတစ်ခုကတော့ သံဓာတ်လွန်ကဲခြင်းက အရေပြားပိုးဝင်ခြင်းတွေဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကဆဲလ်တိုင်းမှာ သံဓာတ်အနည်းငယ်ပါဝင်တာဖြစ်ပေမယ့် သံဓာတ် ၇၀ ရာခိုင်နှုန်းကတော့ သွေးနီဥဆဲလ်တွေမှာ ပါဝင်တာဖြစ်ပါတယ်။

သံဓာတ်က ဟေမိုဂလိုဘင်ထုတ်လုပ်တဲ့နေရာမှာ အရေးပါတဲ့လုပ်ဆောင်ချက်ရှိပြီး အဆုတ်ထဲကနေ ကျန်တဲ့အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်သယ်ဆောင်လာပေးတဲ့ complex protein တစ်မျိုးလည်းဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းတာကို သေချာမကုသရင် နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်ချိန်ပြဿနာ၊ ကလေးကြီးထွားဖွံ့ဖြိုးမှုနှေးတာတွေ ဖြစ်လာနိုင်ပါတယ်။

UK Biobank မှာရှိတဲ့ လူဦးရေ ၅၀၀၀၀၀ ခန့်ရဲ့မျိုးဗီဇနဲ့ ကုသရေးအချက်အလက်တွေကို သုံးပြီး ရောဂါဖြစ်ပွားမှုတွေထဲ သံဓာတ်ရဲ့အခန်းကဏ္ဍကို သုတေသနလေ့လာခဲ့ကြတာပါ။

ဒီလိုလေ့လာတဲ့အခါ ကောင်းတဲ့ဘက်နဲ့ ဆိုးကျိုးပေးတဲ့ဘက် နှစ်မျိုးတွေ့ရှိခဲ့ရပါတယ်။ သံဓာတ်လွန်ကဲခြင်းတာက ကိုလက်စထရောမမြင့်အောင်ကာကွယ်ပေးနိုင်တာကို ဆက်နွှယ်မှုတွေ့ရှိခဲ့တယ်။ ကိုလက်စထရောများတဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ပိုများနိုင်တာဖြစ်ပါတယ်။
ဆိုးကျိုးကတော့ –

တစ်ဘက်မှာလည်း သံဓာတ်လွန်ကဲရင် အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လေ့လာတွေ့ရှိခဲ့ပါတယ်။ သံဓာတ်လွန်ကဲခြင်းက အရေပြားပိုးဝင်ခြင်းတွေလည်း ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်လို့ ထပ်တွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုမှာ သံဓာတ်က ရောဂါတချို့နဲ့ဆက်နွှယ်နေတယ်ဆိုတဲ့အထောက်အထားတွေ ကိုတွေ့ရှိခဲ့တယ်။ နောက်တစ်ဆင့်ကတော့ သံဓာတ်ပမာဏကိုတိုက်ရိုက်ထိန်းညှိပေးပြီး ကျန်းမာရေးပြဿနာတွေကို တိုးတက်ကောင်းမွန်စေနိုင်မလားဆိုတာ လက်တွေ့စမ်းသပ်မှုတွေ ကတဆင့် လေ့လာဆန်းစစ်ဖို့ဖြစ်ပါတယ်။

ဒီသုတေသနကို PLOS Medicine ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly