မလေးရှားရောက် မြန်မာပရိသတ်များကို အားပေးရန် ဖိတ်ခေါ်လိုက်သည့် အန်တိုနီယာ

မလေးရှားရောက် မြန်မာပရိသတ်များကို အားပေးရန် ဖိတ်ခေါ်လိုက်သည့် အန်တိုနီယာ

ကမ္ဘာပေါ်တွင် ကျားမ တန်းတူညီမျှ မှုရှိစေရေးအတွက် အမျိုးသမီးများ ရာစုနှစ်နှင့်ချီကာ တိုက်ပွဲဝင်ခဲ့ကြသည်။ အမျိုးသားများကသာ အရာရာဦးဆောင်နိုင်သည်ဆိုသော ရှေးရိုးစွဲအစဉ်အလာမှ ဖောက်ထွက်ကာ တိုက်ပွဲဝင်ရခြင်းဖြစ်ရာ ခက်ခဲသည့်ခရီးကြမ်းကြီးကို ဖြတ်ကျော်ကြရသည်။

ယနေ့ကာလတွင်တော့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ အားကစား၊ အနုပညာစသည့် နယ်ပယ်စုံတွင် အမျိုးသမီးများ ထိုက်သင့်သလောက် နေရာရလာသည်။ ကမ္ဘာ့ အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ဖြစ်သည့် ONE Championship တွင်လည်း အမျိုးသမီးများအတွက် အခွင့်အလမ်းကောင်းများရရှိရန် လမ်းဖွင့်ပေးထားသည်။ အမျိုးသား သိုင်းပေါင်းစုံ ကိုယ်ခံပညာရှင်များ နည်းတူ အမျိုးသမီးများလည်း မိမိအစွမ်းအစကို ထုတ်ဖော်ပြသကာ ထိုက်တန်သောနေရာတစ်နေရာကို ရယူနိုင်သူများလည်း ရှိသည်။

အထင်ရှားဆုံးမှာ အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရှင် Xiong Jing Nan နှင့် အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူကိုယ်စားပြု ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရှင် Angela Lee တို့ဖြစ်သည်။ ၎င်းတို့လို ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ရည်မှန်းကြိုးစားနေသော အခြားအမျိုးသမီး သိုင်းပေါင်းစုံကိုယ်ခံပညာရှင်များလည်း ရှိသေးသည်။

ထိုအထဲတွင် မြန်မာနိုင်ငံကိုယ်စားပြုကာ ယှဉ်ပြိုင်လျက်ရှိသည့် ကယန်းတိုင်းရင်းသူ အန်တိုနီယာလည်း တစ်ဦး အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနောက်တိုင်းလက်ဝှေ့ချန်ပီယံဆုကို ၂ ကြိမ်ရဖူးသူ အန်တိုနီယာသည် ၎င်း၏ ONE Championship အဖွင့်ပွဲစဉ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: Quest for Gold ပြိုင်ပွဲ၌ တစ်နိုင်ငံတည်းပြိုင်ဘက် ရွှေစင်ကိုပထမအချီအစ ၂၄ စက္ကန့်မှာပင် အပေါ်စီးမှထိုးသတ်ကာ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပြီး ထိုပွဲမှာ ONE Championshipအမျိုးသမီးပွဲစဉ်များအနက် ပွဲသိမ်းအမြန်ဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် အန်တိုနီယာသည် လာမည့်ဇူလိုင်လ ၁၂ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ ကျင်းပမည့် ONE: Masters of Destiny တွင် ဗီယက်နမ်-အမေရိကန်ကပြား Bi Nguyen နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် Bi Nguyen သည် ငယ်ရွယ်စဉ်ကတည်းက မိသားစုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ပြီး အခြားရွှေ ့ပြောင်းလာသူများနည်းတူ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ ငယ်စဉ်က သတင်းစာပို့သည့်အလုပ်ကို လုပ်ခဲ့ရသော Bi Nguyen ၏ အမည်ပြောင်မှာ Killer Bee ဖြစ်ပြီး သိုင်းပေါင်းစုံကိုယ်ခံပညာရပ်က ၎င်း၏ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည်ဟုလည်း ဝန်ခံထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ပွဲပေါင်းများစွာယှဉ်ပြိုင်ထားသော Killer Bee သည် ONE Championship နှင့် စာချုပ်ခဲ့ခြင်းမှာ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ရေးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်က ဖိလစ်ပိုင်၌ပြုလုပ်ခဲ့သော Roots of Honor ပွဲစဉ်၌ အင်ဒိုနီးရှား သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Dwi Ani Retno Wulan ကို ပထမအချီ ၃ မိနစ်၊ ၅၅ စက္ကန့်မှာပင် အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှခဲ့သည်။

အသက်အရွယ်ပိုင်းမှာ သာမက သမ္ဘာပိုင်းတွင်ပါ အားသာမှုများရှိနေသည့် Killer Bee နှင့်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲက ခက်ခဲလိမ့်မည်ဟု အန်တိုနီယာက ဝန်ခံထားသလို ပြိုင်ဘက်က မတ်တပ်ရပ်တိုက်ခိုက်မှုနှင့် မြေပြင်ချုပ်ကွက်ပညာရပ်များတွင် ထူးချွန်သူဟုလည်း ဖွင့်ဟထားသည်။

အန်တိုနီယာသည် Killer Bee နှင့်ယှဉ်ပြိုင်ရန် အင်ဒိုနီးရှားရှိ နာမည်ကျော် Bali MMA တွင် ၂ လခန့်လေ့ကျင့်ထားသလို အချိန်တိုင်း အင်အားအပြည့်ဖြင့်ပြင်ဆင်ထားသည်ဟု ဆိုသည်။

"  ဒီပွဲအတွက် တိုတို အားတွေ အပြည့်ထည့်ထားပါတယ်။ လေ့ကျင်ချိန်မှာလည်း ပြင်းပြင်းထန်ထန် လေ့ကျင်နေပါတယ်။ မနက်ဖြန် တိုင်းကို ပိုကောင်းအောင် လေ့ကျင်ါပြင်ဆင်နေပါတယ် " ဟု အန်တိုနီယာက ဆိုသည်။

ONE Championship ၏ ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ရယူရန်ရည်မှန်းထားသည့် အန်တိုနီယာအတွက် ယခုပြိုင်ပွဲသည် လုံးဝအမှားခံ၍မရသော ပွဲလည်းဖြစ်သည်။ သို့သော်လည်း အောင်မြင်မှုဆိုသည်က အလွယ်တကူမရနိုင်သော အရာတစ်ခုဆိုသည်ကို အန်တိုနီယာက လက်ခံထားသည်။

၎င်း၏ပွဲကို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တခဲနက် လာရောက်အားပေးရန်လည်း ၎င်းက တိုက်တွန်းထားသည်။ မြန်မာနိုင်ငံသားများမှာ မည်သည့်နိုင်ငံသို့ ရောက်နေသည်ဖြစ်စေ နိုင်ငံကိုယ်စားပြု အားကစားအသင်းများ ကိုယ်နေထိုင်ရာနိုင်ငံသို့ လာရောက်ယှဉ်ပြိုင်ပါက အလုပ်ကိုပင်ဖျက်ကာ တကူးတကလာရောက်အားပေးလေ့ရှိသည်။

ထိုသည်ကို စင်ကာပူနိုင်ငံတွင်ကျင်းပသော ဒေသတွင်း ဘောလုံးပြိုင်ပွဲများနှင့် မြန်မာနိုင်ငံနှင့် မိုင်ပေါင်းသောင်း

ချီဝေးကွာသည့် နယူးဇီလန်တွင်ကျင်းပသော ၂၀၁၅ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲများက သက်သေပြနေသည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီရှိနေရာ Killer Bee နှင့်ပွဲကို လာရောက်အားပေးပါက ခွန်အားတစ်ရပ်ရရှိစေမည်ဟုလည်း တိုတိုက ယုံကြည်နေသည်။

" မလေးရှားမှာ မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။ သူတို့လည်း တိုတိုကို အားပေးလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း မလေးရှားက မြန်မာနိုင်ငံသားတွေ တိုတိုရဲ့ပွဲအားပေးနိုင်ဖို့ တတ်နိုင်သလောက် ကူညီပေးနေပါတယ် " ဟု အန်တိုနီယာက ပြောပြသည်။ တိုတိုမှာ အနိုင်ရရန်အတွက် မလေးရှားရောက် မြန်မာနိုင်ငံသား၏ အားပေးမှုကိုရနိုင်ရေးကိုသာ မျှော်လင့်အားကိုးနေခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်လည်း အစွမ်းကုန်လေ့ကျင့်ပြင်ဆင်ထားသည်ဟု ဆိုသည်။

" ဒီပွဲဟာ ကျွန်မအတွက် ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ တွေ့ရတဲ့ ပွဲပါ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ စောင့်ကြည့်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံအတွက် အနိုင်ရလဒ်ယူပေးချင်ပါတယ်။ ဒါကြောင့် တိုတိုကိုလည်း ဆုတောင်းပေးကြပါဦး " ဟု တိုတိုက ရှင်းပြသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံရပ်ခြားမှ သိုင်းပေါင်းစုံကိုယ်ခံပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့သည့်ပွဲတွင် ရှုံးနိမ့်မှုနှင့်ကြုံတွေ ့ခဲ့သော တိုတိုအတွက် Killer Bee နှင့်ပွဲက ၎င်း၏ အနာဂတ်တက်လမ်းအတွက်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေသည်က ငြင်းပယ်၍မရသော အမှန်တရားဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly