ထီးချိုင့် မြို့မဈေး နေရာမပြောင်းရွှေ့ရေး ဈေးသူ၊ ဈေးသားများ ဆန္ဒပြ

ထီးချိုင့် မြို့မဈေး နေရာမပြောင်းရွှေ့ရေး ဈေးသူ၊ ဈေးသားများ ဆန္ဒပြ
 (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(ဇူလိုင် ၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရှိ မြို့မဈေးနေရာ မပြောင်းရွှေ့ရေးအတွက် ဈေးသူ၊ ဈေးသား ဦးရေ တစ်ရာကျော်က ဇူလိုင် ၃ရက်၊ နံနက် ၁ဝနာတွင် ဆန္ဒပြခဲ့ကြသည်။

 ထီးချိုင့်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အသစ်ပြောင်းရွှေ့ရန် ချပေးထားသော နေရာသည် ကုန်သွယ်/လယ်ယာမှ ပိုင်ဆိုင်သည့်မြေ ဖြစ်သောကြောင့် ယာယီရောင်းချခွင့်သာ ရရှိမည် စိုးရိမ်ကာ ဈေးသူ၊ ဈေးသားများက မပြောင်းရွှေ့ရေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

 “အခု ပြောင်းရွှေ့ခိုင်းတဲ့ အဲ့ဒီနေရာကို ရာသက်ပန် နောင်လာနောင်သား မျိုးဆက်တွေအထိ ရောင်းချခွင့်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်။ ဒီလိုမှမဟုတ်ရင် လုံးဝ ရွှေ့မပေးနိုင်ပါဘူး” ဟု ဆန္ဒပြပွဲဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကုန်စိမ်းသည် ဒေါ်စောဦးက ပြောသည်။

 ဆန္ဒပြသူများက ‘ဈေးနေရာ မပြောင်းရွှေ့ရေး၊ တို့အရေး’ ၊ ‘ရွှေ့ပြောင်းရန် ဖိအားပေးခိုင်းစေမှု ချက်ချင်းရပ်’ စသည့် စာသားများ ရေးသားထားသည့် ဗီနှိုင်းများကို ကိုင်ဆောင်ကာ ထီးချိုင့်မြို့မဈေးအတွင်းမှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

 ထီးချိုင့်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဌ ဦးအေးက “သူတို့ကို ပြောင်းရွှေ့ပေးမယ့်နေရာမှာ အမိုးအကာနဲ့ ဆိုင်နဲ့ဖြစ်အောင် ဆောင်ရွက်ပေးမှာပါ။ ယာယီမဟုတ်ပါဘူး။ အခု စျေးဟောင်းနေရာက လမ်းနေရာဖြစ်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ အများပြည်သူသွားလာရေး လွယ်ကူအောင် ကွန်ကရစ်လမ်း ခင်းသွားမှာပါ"ဟု ပြောသည်။

 လက်ရှိ မြို့မဈေးဟောင်းနေရာသည် ကျူးကျော်ဈေးဖြစ်ပြီး ၎င်းဈေးမှ ထွက်ရှိသည့် အမှိုက်များကြောင့် ဈေးအနီး ရပ်ကွက်နေ ပြည်သူများက မီးဘေးအန္တရာယ် ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် နေရာရွှေ့ပြောင်းရန် တိုင်ကြားမှုများ ရှိသဖြင့် စည်ပင်သာယာရေးကော်မတီက ယခုကဲ့သို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

 ထီးချိုင့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ယာယီဆိုပြီး ပေးတာက  လက်ဆင့်ကမ်းရောင်းချမှာစိုးလို့ ဒီမူကို ကိုင်တာပါ။ အခုဆိုင်ခန်းတွေဟာ အလကားပေးတာပါ။ တကယ်ရောင်းချသူတွေကိုပဲ ပေးထားတာပါ။ ဆန္ဒပြသူအချို့က သူတို့ရဲ့ အကျိုးစီးပွားအပေါ် မူတည်ပြီးတော့ ကန့်ကွက်နေကြတာ စိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

 အကယ်၍ ပြောင်းရွှေ့မပေးပါက ၎င်းတို့ကို စည်ပင်သာယာရေးဥပဒေဖြင့် မြို့နယ်စည်ပင်က အရေးယူသွားမည်ဟု သိရသည်။

 ထီးချိုင့်မြို့မဈေးတွင် ဈေးသည်ဦးရေ သုံးရာကျော် ရှိသည့်အနက် တစ်ရာကျော်ကသာ မပြောင်းရွှေ့ရေး ဆန္ဒပြကြခြင်း ဖြစ်ပြီး ၎င်းတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ခေါ်ယူ၊ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly