တနိုင်းဒေသရှိ ပယင်းလုပ်ကွက်များကို တစ်နိုင်တပိုင် လုပ်ပိုင်ခွင့်ချပေးသွားမည်

တနိုင်းဒေသရှိ ပယင်းလုပ်ကွက်များကို တစ်နိုင်တပိုင် လုပ်ပိုင်ခွင့်ချပေးသွားမည်
Photo - AFP

ရန်ကုန် ၊ ဇူလိုင် ၃ ။          ။ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လုပ်ပိုင်ခွင့် ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် တနိုင်းဒေသရှိ ပယင်း လုပ်ကွက်များကို ဒေသခံများ တစ်နိုင်တပိုင် လုပ်ကိုင်နိုင်ရန် ချထားပေးသွားမည်ဟု ကချင်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

“လုပ်ကွက်လျှောက်ထားတဲ့နေရာမှာ ဒေသခံတွေကို ပထမဦးစားပေးမယ်။ ရွေးချယ်တာတော့ မဲစနစ်နဲ့ပဲ သွားမယ်။ ဒေသခံတွေကို မဲစနစ်နဲ့ ချထားပေးပြီးတာနဲ့ ကျန် လျှောက်ထားသူတွေကို မဲစနစ်နဲ့ ချထားပေးမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တနိုင်းဒေသရှိ တစ်နိုင်တပိုင် လက်လုပ်လက်စား ပယင်းလုပ်ကွက်များအား ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် ဒေသခံများက အစိုးရထံတောင်းဆိုထားခြင်းကြောင့် လုပ်ကွက်ဧရိယာပေါင်း ၆၉၁၈ ဒဿမ ၉၅ ဧက ကို လုပ်ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင် ၃ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရမှ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ပြုလုပ်ခဲ့ကာ လုပ်ကွက်ဧရိယာအား အကွက်ဖော်ဆောင်ရန် မြေတိုင်းခြင်းလုပ်ငန်းများကို စတင်မည်ဟု ဦးဒါရှီလဆိုင်းကဆိုသည်။

“ဒီနေ့အစည်းအဝေးအရ လုပ်ကွက်ရိုက်တဲ့အဖွဲ့တွေကို ဖွဲ့စည်းမယ်။ လုပ်ကွက်ရိုက်တာတော့ ရက်ပေါင်း သုံးဆယ် အနည်းဆုံးကြာတယ်။ လျှောက်လွှာဖိတ်ခေါ်တာက ရက်ပေါင်းသုံးဆယ်ပေါ့နော်။ လျှောက်လွှာတွေကို စိစစ်တာကလည်း အနည်းဆုံး ရက်နှစ်ဆယ်ကြာမယ်။ ဆိုတော့ ရက်ပေါင်း ရှစ်ဆယ် သုံးလလောက်တော့ကြာသွားမယ်” ဟု လုပ်ကွက်ချထားပေးမည့် အချိန်ကာလနှင့် ပတ်သက်ပြီး ဦးဒါရှီလဆိုင်းက ဆိုသည်။

ယင်းအတွက်ကြောင့် အစိုးရမှ ချထားပေးမည့် တစ်နိုင်တပိုင် ပယင်းလုပ်ကွက်များကို ပြည်သူများ အနေဖြင့်  မိုးကာလကုန်ချိန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။

အဆိုပါ ပယင်းထွက်ရှိရာ တနိုင်းဒေသသည် ယခင်က KIA ထိန်းချုပ်ရာ နယ်မြေ ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း၌ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကာ လုံခြုံရေးအခြေအနေ အရ ပယင်းလုပ်ကွက်များအား လုပ်ပိုင်ခွင့်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါဒေသကို တပ်မတော်မှ နယ်မြေ ထိန်းချုပ်ထားခဲ့ပြီးနောက် ဒေသခံများအနေဖြင့် တစ်နိုင်တပိုင် လုပ်ပိုင်ခွင့် ရရှိရန် တောင်းဆိုနေခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required