ပိုးဟပ်တွေကိုတော့ လူသားတွေကို မခံချိမခံသာဖြစ်စေတဲ့၊ ဒူပေနာပေဒဏ်ခံနိုင်တဲ့၊ ဖျက်ဆီးတတ်တဲ့ ပိုးမွှားတိရစ္ဆာန်တွေအဖြစ် သိကြပါတယ်။ ယခုအခါမှာတော့ အသစ်ပြုလုပ်ခဲ့တဲ့ လေ့လာချက်စစ်တမ်းတစ်ရပ်အရ ပိုးဟပ်တွေဟာ ကနဦး ထင်ထားတာထက်တောင် ပိုပြီး ခုခံနိုင်စွမ်းအား ကောင်းနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
Purdue တက္ကသိုလ်က သုတေသီတွေ လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ကမ္ဘာမှာ အတွေ့ရအများဆုံး ဂျာမန် ပိုးဟပ်တွေဟာ အင်းဆက်ပိုးသတ်ဆေး အားလုံးနီးပါးကို မမှုဘဲ ခံနိုင်ရည် ရှိလာနေပြီဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သုတေသီတွေဟာ ယင်း ပိုးဟပ်တွေကို မတူညီတဲ့ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့စေပြီးနောက် လေ့လာကြည့်တဲ့အခါမှာတော့ ပိုးဟပ်တွေဟာ ယင်းတို့နဲ့ ထိတွေ့မိတဲ့ အင်းဆက်ပိုးသတ်ဆေးတွေကို ခုခံနိုင်တဲ့ ခံနိုင်စွမ်းတစ်မျိုးကို ထုတ်လုပ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလို မယုံနိုင်အောင် ခံနိုင်ရည်အားရှိနေတဲ့ အင်းဆက်တွေကတော့ ယင်းတို့ရဲ့ ခုခံနိုင်ရည်ကိုလည်း ယင်းတို့ရဲ့ မွေးဖွားလာတဲ့ အကောင်ပေါက်တွေဆီ ကူးပြောင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။
“ ဒါက ပိုးဟပ်တွေနဲ့ပတ်သက်လို့ အရင်တုန်းက သဘောမပေါက်ခဲ့တဲ့ စိန်ခေါ်မှုတစ်ခုပါ၊ ဒီ ပိုးဟပ်တွေဟာ အင်းဆက်ပိုးသတ်ဆေးတွေကို ခုခံနိုင်တဲ့ ခံနိုင်စွမ်းတွေ ထုတ်လုပ်နိုင်တဲ့ ကိစ္စကြောင့် သူတို့ကို ဓာတုဆေးဝါးတစ်ခုတည်းနဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေပါပြီ” လို့ ယခု လေ့လာချက်ကို ဦးဆောင်ခဲ့တဲ့ သုတေသီ မိုက်ကယ် ရှာ့ဖ်က ပြောသွားပါတယ်။