မြိတ်ကန်ဖျား ကုန်စိမ်းစျေး ယခုလ ၁၃ ရက်နေ့ နောက်ဆုံးထား အပြီးပြောင်းရွှေ့ရမည်

မြိတ်ကန်ဖျား ကုန်စိမ်းစျေး ယခုလ ၁၃ ရက်နေ့ နောက်ဆုံးထား အပြီးပြောင်းရွှေ့ရမည်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် (၃) ။        ။ မြိတ်မြို့ပေါ်ရှိ ကန်ဖျားကုန်စိမ်းစျေးကို ရှမ်းချောင်းကုန်စိမ်းစျေး အသစ်သို့ ဇူလိုင်လ ၁၃ ရက်နေ့တွင် နောက်ဆုံးထားပြောင်းရွေ့ ပေးရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမိန့် ကြော်ငြာစာများ ထုတ်ပြန်ထားသည်။

မြိတ်မြို့လယ်ခေါင် ကန်ဖျားရပ်ကွက်တွင် တည်ရှိနေသည့် ကုန်စိမ်းစျေးသည် လူနေရပ်ကွက်အတွင်း တည်ရှိနေခြင်း၊ စာသင်ကျောင်းနှင့် ကပ်လျက်တည်ရှိနေခြင်း၊ အနံ့သက်ဆိုးများ ထွက်နေခြင်း၊ လမ်း ပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာက ရှမ်းချောင်းကျေးရွာရှိ ကုန်စိမ်းစျေး အသစ်သို့ ရွေ့ပြောင်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”’ဒီစျေးက ယာယီစျေး ဖြစ်ပါတယ်။ အခု လက်ရှိမှာက မြို့လယ်ခေါင်မှာ ဖြစ်နေတဲ့ အတွက် ပတ်ဝန်းကျင်က တိုင်တန်းမှုနဲ့ ကျောင်းနဲ့လည်း နီးနေတာကြောင့် အစိုးရအဖွဲ့က ပြောင်းရွှေ့ဖို့ ညွန်ကြားလာတာကြောင့် ပြောင်းခိုင်းရခြင်း ဖြစ်တယ်”ဟု မြိတ်ခရိုင် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

လက်ရှိတွင် ကန်ဖျား ကုန်စိမ်းစျေးမှာ ရောင်းချနေသည့် စျေးသူ/ သားများက ရှမ်းချောင်းကုန်စိမ်း စျေးသို့ ပြောင်းရွေ့လိုခြင်းမရှိဘဲ ကန့်ကွက်မှုများ ရှိနေကာ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေကြောင်း စျေးသူစျေးသားများထံမှ သိရသည်။

“စာသင်ကျောင်းနဲ့ နီးကပ်စွာတည်ရှိနေသလို ကလေးငယ်များရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တဲ့ အတွက် စျေးသူစျေးသားတွေ ကြည်ကြည် ဖြူဖြူနဲ့ ပြောင်းပေးစေချင်ပါတယ််။ ဟိုမှာလည်း ဒီထက် ကောင်းတဲ့ စျေးနေရာတွေကို အစိုးရက စီစဉ်ထားပေးမယ်လို့ ယူဆပါတယ်”ဟု ကန်ဖျား အလက (၅)မှ ကျောင်းအုပ် ဆရာကြီး ဦးစိုးတင့်က ပြောသည်။

အဆိုပါ ကုန်စိမ်းစျေးသည် ၂၀၀၄ ခုနှစ်က ဆိပ်ငယ်စျေးကြီးအတွင်း ပျံကျ ရောင်းချနေသည့် စျေး သည်များကို ကန်ဖျားရပ်ကွက်တွင် နေရာချထားပေးရာ ဖြစ်ပေါ်လာသော ယာယီစျေး တစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၂၃ ခန်းရှိကြောင်း အဆိုပြုထားသည့် စျေးအသစ်တွင် ဆိုင်ခန်းနေရာ ၁၆၀ ကို အစိုးရမှ စီစဉ်ပေးထားကြောင်း သိရ သည်။

ကန်ဖျား ကုန်စိမ်းစျေးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ရှမ်းချောင်းကုန်စိမ်းစျေးသို့ အပြီးသတ် ပြောင်းရွေ့ ရမည်ဟု သိရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ကန်ဖျားကုန်စိမ်းစျေးဟောင်းကို ပိတ်သိမ်းကာ စည်ပင်မှ ပြန်လည် သိမ်းဆည်းမည် ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly