ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်တဲ့ မှိုဟာလည်း ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ကလေးကို မှိုကျွေးလို့ရပြီလား၊ ဘယ်အချိန်မှာ စကျွေးရမလဲဆိုပြီး မေးစရာတွေ ပေါ်လာပါတယ်။ ဒီဆောင်းပါးက မှိုရဲ့ အကျိုးကျေးဇူးတွေ၊ ကလေးကို မှိုကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။
ကလေးတွေကို ဘယ်အချိန်မှာ မှိုစကျွေးလို့ရပြီလဲ။

အတိအကျသတ်မှတ်ထားတဲ့ အသက်အရွယ်တော့ မရှိသေးပေမဲ့ ကလေး အသက် ၆လပြည့်ပြီးနောက်ပိုင်း အမာစာတွေကို စတင်စားနေပြီဆိုရင် ကျွေးလို့ရပါတယ်။ မှိုက ဝါးရတာလည်းလွယ်သလို အမျှင်ဓာတ်ပါတော့ ကလေးရဲ့ အစာခြေစနစ်အတွက်လည်း အဆင်ပြေတယ်။ အာဟာရလည်း ဖြစ်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကလေး အသက် ၁ နှစ်ပြည့်တဲ့အထိ စောင့်ပြီးမှ ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် မှိုကျွေးတဲ့အခါ သေချာချက်ပြုတ်ပြီးမှ ကျွေးဖို့တော့ မေမေတို့ သတိထားသင့်တယ်နော်။
ဒါဆိုရင် ဘယ်လိုမှိုကို စကျွေးမလဲ။

မှိုအများစု ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ နိုင်ငံပေါင်းစုံရဲ့ မြေနေရာတွေမှာ စိုက်ပျိုးလို့ရပါတယ်။ အဲ့တော့ စျေးထဲမှာ တွေ့နိုင်တာလည်း အများကြီးပဲပေါ့။ ဘယ်လိုမှိုမျိုးကို စကျွေးရမလဲ ရွေးရခက်နေရင် စျေးထဲမှာ အလွယ်တကူဝယ်လို့ ရတဲ့ မှိုတွေကိုပဲ ကျွေးပေးပါနော်။ အရသာက မတူဘူးဆိုပေမဲ့ ရနိုင်တဲ့ အာဟာရဓာတ်တွေကတော့ အတူတူနီးပါးမို့ပါ။ လတ်လတ်ဆတ်ဆတ် စိုက်ပျိုးထားတဲ့ မှိုတွေဆိုရင်တော့ ကလေးကို မကျွေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သေချာဆေးကြောသန့်စင်ခြင်း မရှိတဲ့မှိုတွေမှာ ဓာတ်မြေသြဇာတွေ ပါနေနိုင်တဲ့အတွက် ကလေးကို ဗိုက်အောင့်ဗိုက်နာစေနိုင်ပါတယ်။
မှိုမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်လဲ။

မှိုတွေမှာ ယေဘုယျအားဖြင့် ပိုတက်စီယမ်ဓာတ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေ အများဆုံးပါဝင်ပါတယ်။ နေရောင်ခြည်ကနေ ရနိုင်တဲ့ ဗီတာမင် ဒီ ဓာတ်တွေလည်း အများအပြား ပါဝင်လို့ နေရောင်နဲ့ သိပ်ပြီးထိတွေ့လို့မရတဲ့ ကလေးတွေအတွက်တော့ ဖြည့်စွက်စာဆိုလည်း မမှားပါဘူး။ ဗီတာမင် ဒီ ကိုပုံမှန်လေးကျွေးပေးမယ်ဆိုရင် အရိုးအဆစ်တွေကို ကြံ့ခိုင်စေပြီး အူမကြီးကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ကလေးက မှိုနဲ့ဓာတ်မတည့်ရင်ရော ဘယ်လိုသိနိုင်မလဲ။

ငယ်သေးတဲ့ကလေးတွေနဲ့ ဘယ်လိုအစားအစာတွေ ဓာတ်မတည့်ဘူးလဲဆိုတာ သိနိုင်ဖို့ အစာတွေကို စောစောကျွေးထားနိုင်ရင် အကောင်းဆုံးပါပဲ။ မှိုနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေဟာ အလွန်နည်းတယ်ဆိုပေမယ့် လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးကို မှိုစစချင်း ကျွေးတဲ့အချိန် ကလေးမှာ ဘာအပြောင်းအလဲတွေရှိလဲ သေချာကြည့်ကြည့်ပါ။ ဥပမာ – အသက်ရှူကြပ်တာ၊ အနီကွက် အင်ပျဉ်တွေထတာ၊ ချွဲကျပ်သလို ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါတယ်။
ကလေးအတွက် မှိုကို ဘယ်လိုပြင်ဆင်ပြီး ချက်ကျွေးမလဲ။

ဝါးစားလို့ရတဲ့ အတိုင်းအတာလောက်ကို သေးသေးလေးညှပ်ပြီး ကျွေးသင့်ပါတယ်။ သေချာနူးအောင် ချက်လိုက်ရင်တော့ ကလေးအလွယ်တကူ ဝါးနိုင်တဲ့အထိ ပျော့သွားတာမို့ မေမေတွေအနေနဲ့ သိပ်ပြီးဝါးကျွေးစရာမလိုတော့ဘူးပေါ့။

မှိုကျွေးတဲ့အခါ သတိထားသင့်တာကတော့ ကလေးတွေကို အစိမ်းအတိုင်းမကျွေးဖို့ပါပဲ။ ကလေးတွေရဲ့ အစာခြေစနစ်က သိပ်ပြီးအလုပ်မလုပ်နိုင်သေးတဲ့အခါ အခန့်မသင့်ရင် ဗိုက်အောင့်စေနိုင်လို့ပါ။ ချက်ပြုတ်တဲ့အခါ သံလွင်ဆီနဲ့ သေချာနူးနေအောင်ချက်ပြီး ဆားကို ပါတယ်ဆိုရုံလောက်ပဲ ထည့်ပါ။ မထည့်ဘဲချက်ရင်တော့ ပိုကောင်းပါတယ်။ ဆီကိုရွှဲနေအောင်တော့ မချက်ပါနဲ့။

ချက်တဲ့အခါ အသားတစ်မျိုးမျိုး သို့မဟုတ် ဟင်းသီးဟင်းရွက်နဲ့လည်း ရောချက်လို့လည်း  အဆင်ပြေပါတယ်။ အချိန်ပေးနိုင်ရင်တော့ မှိုနဲ့ ကြက်သားကို ပေါင်းအိုးထဲမှာ အချိန်အကြာကြီးထည့်ပေါင်းလို့ရပါတယ်။ ထမင်းပျော့ပျော့လေး၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်တွေနဲ့ မှိုကိုရောချက်ပြီး ကျွေးရင်လည်း ကလေးအတွက် အဆင်ပြေပါတယ်။ ကလေးကို မကျွေးခင်မှာ မေမေအနေနဲ့ အရင်ဆုံး ဝါးလို့အဆင်ပြေ၊ မပြေ စမ်းကြည့်ပါ။
ကလေးကို မှိုကျွေးတဲ့အခါ ဘာတွေသတိထားသင့်လဲ။

စစချင်းကျွေးတဲ့အခါ ကလေးအတွက် မှိုရဲ့ အရသာက အစိမ်းသက်သက်ကြီး ဖြစ်နေနိုင်တဲ့အတွက် မျက်နှာကမကြိုက်သလို ရှုံ့မဲ့ပြတာ ရှိနိုင်ပါတယ်။ နောက်တစ်နေ့မှာ ပုံစံတစ်မျိုးပြောင်းချက်ပြီး ကျွေးကြည့်ပါ။ ကလေးပါးစပ်နဲ့ မှိုအရသာအံဝင်ခွင်ကျဖြစ်တဲ့အခါ ကျွေးရတာ ပိုအဆင်ပြေသွားပါလိမ့်မယ်။ အဖြစ်နည်းတယ်ဆိုပေမယ့် မှိုကျွေးပြီး တစ်နာရီအတွင်း ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြန်ပြဖို့တော့ လိုမယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly