နို့ချောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ

နို့ချောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
နို့တိုက် နေတဲ့မိခင်တစ်ယောက်အတွက် နို့ချောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ ့ပြဿနာတစ်ခုပါ။ ကလေးကလည်းနို့ဆာ ကိုကလည်း နို့မထွက်၊ နို့ချောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ချောင်းပိတ်တဲ့ ပြဿာနာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင်လုပ်ဖို့က အရေးကြီးလာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ချောင်းပိတ်သွားတဲ့အခါ ဘာတွေလုပ်ကြမလဲ ။ ။
နို့ချောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။

နို့ချောင်းပိတ်တာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာ့ကြောင့် နို့ချောင်းပိတ်တာလဲ အရင်သိဖို့လိုပါတယ်။

    နို့ကောင်းကောင်း မထွက်တာ – ကလေးကောင်းကောင်းမစုပ်နိုင်လို့ဖြစ်ဖြစ်၊ မိခင်နဲ့ကလေး ခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီးတင်းနေတတ်ပြီး နို့ချောင်းပိတ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။
    ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပိတ်ခုံတွေနဲ့ မှောက်အိမ်တာအချိန်ကြာသွားခြင်းကလည်း နို့ချောင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါ။
    စိတ်ဖိစီးမှုများခြင်းနဲ့ မိခင်မောပန်းနေခြင်းကလည်း နို့ကောင်းကောင်း မထွက်စေတဲ့ အကြောင်းအရာတွေပါ။

ဒါကြောင့် နို့ချောင်းတစ်ခု မပိတ်ဖို့ဆိုရင် နို့ကောင်းကောင်းထွက်ပြီး ကလေးက ကောင်းကောင်းစို့နိုင်ရမယ့်အပြင် ရင်သားကို တင်းကြပ်နေအောင် မထားဖို့လည်း လိုအပ်ပါတယ်။
ဒီတော့ပိတ်နေတဲ့နို့ချောင်းတွေ ပြန်ပွင့်အောင် ဒါတွေ လုပ်ကြည့်ပါ။

    ရေနွေးအိတ်ကပ်ပါ။ – ရေနွေးအိတ်ဟာ တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့နိုင်စွမ်းရှိတာကြောင့် နာကျင့်တဲ့ အနာလည်းသက်သာစေမယ့်အပြင် တင်းနေတာလည်း လျော့သွားပြီး နို့လည်း ပြန်ထွက်စေမှာပါ။ အရမ်းကြီး မပူဖို့တော့ လိုတယ်နော်။
    နှိပ်နယ်ပေးလို့ရပါတယ် ။ – နို့မတိုက်ခင် ရင်သားကို နှိပ်ပေးတာမျိုး ဖြစ်ဖြစ်၊ နို့တိုက်နေချိန်မှာ ရင်သားကို ညှစ်ပေးတာဖြစ်ဖြစ်က နို့ချောင်းကို မပိတ်စေဘဲ နို့ထွက်များ အောင် လုပ်ပေးနိုင်မှာပါ။ နှိပ်ရမယ့် ပုံစံကတော့ တင်းပြီးခဲနေတဲ့ နေရာကနေ နို့သီးခေါင်းရှိတဲ့ ဘက်ကို ဦးတည် နှိပ်လာရမှာ ဖြစ်ပါတယ်။
    နို့ကို အကြိမ်ရေများများတိုက်ပေးပါ။- နို့ချောင်းပိတ်လို့ နို့မထွက်ပေမယ့်လည်း နို့ကို နှစ်နာရီခြား တစ်ခါလောက်တိုက်ပေးပါ။ တိုက်တဲ့အခါမှာလည်း နို့ချောင်းပိတ်တဲ့ ဘက်က စတိုက်ပေးပါ။ ပိတ်နေတဲ့ဘက်က အရမ်းနာတယ်ဆိုရင်တော့ အခြားတစ်ဘက်ကို ခဏလောက်ပြောင်းတိုက်ပေးပြီး သက်သာသွားတာနဲ့ နို့ချောင်းပိတ်တဲ့ဘက်ကို ပြန်ပြောင်းတိုက်ပါ။ နို့ချောင်းပိတ်တာကို ဖြေရှင်းဖို့ အဓိက အကျဆုံးက နို့ထွက်ဖို့ပါပဲ။
    အနားယူပါ – မွေးကင်းစကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေမှာကို သိနေပေမယ့်အနားကောင်းကောင်းယူပြီး အစားကောင်းကောင်းစားဖိုကလည်း အရေးကြီးပါသေးတယ်။
    တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ နည်းတွေလုပ်တာတောင် အဆင်မပြေဘူး၊ ရင်သားကလည်း အရမ်းတင်းပြီးနာနေတယ်၊ ကိုယ်တွေလည်း ပူမယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့လိုအပ်နေပါပြီ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly