ကျောင်းသားထုအစည်းအဝေး နည်းပညာတက္ကသိုလ် (မြိတ်)တွင် ပထမဆုံး ပြုလုပ်

ကျောင်းသားထုအစည်းအဝေး နည်းပညာတက္ကသိုလ် (မြိတ်)တွင် ပထမဆုံး ပြုလုပ်

မြိတ်၊ ဇူလိုင် ၂ ။           ။ ကြုံတွေ့နေရသော အခက်အခဲများကို ကျောင်းသား၊ကျောင်းသူအချင်းချင်း မျှဝေဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကျောင်းသားထုအစည်းအဝေးကို မြိတ်မြို့နယ် ကျောက်ကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ် (မြိတ်) တွင် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်၂ ရက်နေ့ နံနက်ပိုင်းမှ ညနေအထိ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြိတ်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ဟု၍ တက္ကသိုလ်ကျောင်း ၃ ခု ရှိကာ ကျောင်းသားထု အစည်းအဝေးကို ယင်းတက္ကသိုလ်မှ ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ကျောင်းတွင်း အခြေအနေများ၊ ဆရာ/ ဆရာများနှင့် ကျောင်းသူကျောင်းသားများ၏ ပညာသင်ကြားရေးအပိုင်းတွင် တွေ့ကြုံရမည့် အခက်အခဲများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးမှ ထွက်ရှိလာမည့်အကြောင်းအရာများကို သက်ဆိုင်ရာဌာနများသို့ တင်ပြသွားနိုင်ရန် ရည်ရွယ် ထားကြောင်း နည်းပညာတက္ကသိုလ် (မြိတ်)မှ ကျောင်းသူ၊ကျောင်းသားများထံမှ သိရသည်။

 “ကျွန်တော်တို့ ကျောင်းမှာက ဌာနအလိုက် ဆရာ/ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်ဆိုတာ ရှိပါတယ်၊ အဓိကကတော့ ကျောင်းထဲမှာ နယ်ပယ်ကဏ္ဍအလိုက် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို အဖြေရှာတယ်၊ ဖြေရှင်းလို့ရတဲ့အရာဆိုရင် ဖြေရှင်းပေးပါတယ်၊ မရတဲ့ကဏ္ဍတွေဆိုရင် သူနဲ့ သက်ဆိုင်တဲ့ ဌာနတွေနဲ့ တွေ့ပြီးတော့ ရှင်းပေးနိုင်တဲ့အထိ  ရည်ရွယ်ထားတာ ဖြစ်တယ်” ဟု နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားသမဂ္ဂ နာယက မောင်ဖြိုးသီဟအောင်က ပြောဆိုသည်။

အဆိုပါ ကျောင်းသားထုအစည်းအဝေးမှာ အတန်းကိုယ်စားလှယ်၊ ကလပ်ကိုယ်စားလှယ်၊ ဌာန ကိုယ်စားလှယ်နှင့် အဆောင်ကိုယ်စားလှယ် ဟူသော နယ်ပယ် ၄ ခုမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက နယ်ပယ်ကဏ္ဍအလိုက် အခက်အခဲများကို အပြန်/ အလှန် ဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားခြင်း စသည့် အကြောင်းအရာများကို အစိုးရလွှတ်တော်နည်းတူ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလိုမျိုး ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ဆွေးနွေးပွဲကို ပြုလုပ်တာ တကယ့်ကို ကောင်းပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသားတွေနဲ့ ဆရာတွေ ဆိုတာက အမြဲထိတွေ့နေလို့ မရဘူးလေ။ ကျောင်းထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အခုလို ကျောင်းသူ၊ကျောင်းသား အချင်းချင်း ရင်းရင်းနှီးနှီး အပြန်အလှန် အဖြေရှာလိုက်တော့ ဆွေးနွေးရတော့ အရမ်းကောင်းပါတယ်”ဟု ကျောင်းသားထု အစည်းအဝေးသို့ မေးခွန်း မေးမြန်းရန် လာတက်သူ ကျောင်းသူ မရွှေရည်သိန်းတန်က ပြောသည်။

“ကျောင်းသားထု အစည်းအဝေး ပြုလုပ်တာ ကျောင်းသူ ကျောင်းသားတွေအတွက် အများကြီး အကျိုး သက်ရောက်မှု ရှိပါတယ်၊ ဘာကြောင့်လည်းဆိုတော့ တစ်ကျောင်းလုံးရဲ့ ဖြစ်ပျက်သမျှ အသံတွေကို သိရတယ်၊ အခက်အခဲတွေ သိရတယ်၊ ဒါကို ၀ိုင်းအဖြေရှာ နိုင်တယ်”လို့ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မောင်ခန့်ဇင်ဝေက ပြောသည်။

ကျောင်းသားထု အစည်းအဝေးကို တစ်နိုင်ငံလုံးအနေဖြင့် ပင်လုံကျောင်းတွင် ပထမဆုံး ကျင်းပခဲ့ပြီး တနင်္သာရီတိုင်းတွင် ဒုတိယအကြိမ် ဖြစ်ကာ၊ နည်းပညာတက္ကသိုလ် (မြိတ်) အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly