မန္တလေးတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အိန္ဒိယကို မန်းဝန်ကြီးချုပ် တိုက်တွန်း

မန္တလေးတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အိန္ဒိယကို မန်းဝန်ကြီးချုပ် တိုက်တွန်း
(ဓာတ်ပုံ- အီးပီအေ)

 မန္တလေး(ဇူလိုင် ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ အိန္ဒိယနိုင်ငံအနေဖြင့် မန္တလေးတိုင်းအတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြရန် မန္တလေးတိုင်းဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပြီး လိုအပ်သည်များကိုလည်း ကူညီသွားမည်ဟု ပြောကြားလိုက်သည်။

 “မန္တလေးမှာ ရင်းနှီးမြှုပ်နှံစရာ အများကြီးရှိပါတယ်။ အထူးသဖြင့် မြေဧကတွေ အတော် ပေါများပါတယ်။ တရုတ်နဲ့ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံမှုများနေပေမယ့် အိန္ဒိယက နည်းနေတာ တွေ့ရပါတယ်။ လာရောက်ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းပါတယ်။ အဲဒီအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ကူညီပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း၊ ၆၆လမ်းနှင့် ၆ရလမ်းကြားရှိ Hilton Hotelတွင် ဇူလိုင် ၂ရက်က ကျင်းပပြုလုပ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလာမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေး ညှိုနှိုင်းပွဲတွင် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 နှစ်နိုင်ငံ ခရီးသွားလာမှု မြင့်တင်နိုင်ရန် အင်ဖာ-မန္တလေး ခရီးစဉ်များကို နှစ်နိုင်ငံ စုပေါင်း လုပ်ဆောင်ရန်နှင့် အစိုးရအချင်းချင်း မူဝါဒ ညှိနှိုင်းရေးကို အာရုံစိုရန် လိုအကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးပွဲတွင် ပြောကြားသည်။

 ထို့ပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အိန္ဒိယ၊ အင်ဖာသို့ သွားသည့်အခါ အလိုအလျောက် ဗီဇာ ထုတ်ပေးရန် အခက်အခဲများ ဖြစ်ပေါ်နေသည်ကို အိန္ဒိယနိုင်ငံအနေဖြင့် အာရုံစိုက် ကူညီပေးရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။

 အခြား တစ်ဖက်တွင်လည်း အိန္ဒိယ- မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၁၈ခုနှစ်၊ ဩဂုတ်လအတွင်းက ဖွင့်လှစ်ခဲ့သည်။

 ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အာသံပြည်နယ် အစိုးရအဖွဲ့မှ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီး Mr.Chandra Mohan Patoway ကလည်း “ဒီအစည်းအဝေးကနေပြီးတော့ အကျိုးကျေးဇူး အရမ်းကြီးမယ်လို့ မျှော်လင့်ထားပါတယ်။ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှု ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် လမ်းတံတား၊ လမ်းပိုင်းတွေ အဆင့်မြှင့်တင်ရပါမယ်။ အဲဒါတွေက ချက်ချင်း လုပ်လို့မရဘူး၊အချိန်ပေးရမယ်။ ဒီက ရလဒ်တွေကို ချက်ချင်း အကောင်အထည်ဖော်သွားပါမယ်” ဟု ပြောကြားသည်။

 အဆိုပါ ညှိုနှိုင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် အိန္ဒိယနိုင်ငံဘက်မှ ကောင်စစ်ဝန်ချုပ် Mr.Nandn Singh Bhaisora ၊ အာသံပြည်နယ် အစိုးရအဖွဲ့မှ စက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဝန်ကြီး Mr.Chandra Mohan Patoway တို့ တက်ရောက်ခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly