Wisdom Hill အပါအဝင် တစ်နိုင်ငံလုံးရှိ ခွင့်ပြုချက် မရှိသော မူကြိုကျောင်းများ ပိတ်သိမ်းရန် ညွှန်ကြား

Wisdom Hill အပါအဝင် တစ်နိုင်ငံလုံးရှိ ခွင့်ပြုချက် မရှိသော မူကြိုကျောင်းများ ပိတ်သိမ်းရန် ညွှန်ကြား
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်း အပါအဝင် ခွင့်ပြုမိန့်မရှိသော တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက မူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်းများကို ယာယီပိတ်သိမ်းရန် လူမှုဝန်ထမ်းဦးစီးဌာနက ဇူလိုင် ၁ ရက်က ညွှန်ကြားလိုက်သည်။

 ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကောင်စီတွင် တည်ထောင်ခွင့်ပြုမိန့် မရဘဲ ဖွင့်လှစ်ထားသည့် မူကြိုနှင့် နေ့ကလေးထိန်းကျောင်း စုစုပေါင်း (၁၀)ကျောင်းရှိပြီး အဆိုပါ ကျောင်းများကို တည်ထောင်ခွင့်ပြုမိန့် မရမချင်း မဖွင့်ရန် ညွှန်ကြားထားသည်။

 “ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း ထုတ်ပြန်ထားတာ။ အဲ့ဒီ (နေပြည်တော်က) ၁ဝကျောင်းထဲမှာတော့ Wisdom Hill ပါနေပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ေဒါက်တာစန်းစန်းအေးက ပြောသည်။

 Wisdom Hill တွင် တက်ရောက်နေသော မူကြိုကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူကလည်း “မနေ့ည ဆယ်နာရီလောက်က သူတို့(ကျောင်းဘက်က) ဖုန်းဆက်လာတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ သူတို့ ကျောင်းကို ယာယီပိတ်ထားမယ်။ ဒါပေမယ့် ကျောင်းက နှစ်ပတ်အတွင်းကို သူတို့ ဆက်ဖွင့်ဖြစ်လား၊ မဖွင့်ဖြစ်ဘူးလား ပြန်ပြီးတော့ အကြောင်းကြားမယ်ဆိုတဲ့ ပုံစံမျိုး” ဟု ဆိုသည်။

ပုဂ္ဂလိက မူကြိုကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများကို သတ်မှတ်ထားသည့် အချက်အလက်များနှင့် ညီညွတ်မှသာ လူမှုဝန်ထမ်းဦးစီးဌာနက တည်ထောင်ခွင့်ပြုရခြင်း ဖြစ်သည်။ ဥပမာအားဖြင့် မူလတန်းကြိုကျောင်းများသည် အသက် သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများကိုသာ လက်ခံရမည်ဖြစ်သည်။

 သို့သော် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော အသက် သုံးနှစ် မပြည့်သေးသည့် မိန်းကလေးငယ်သည် မေလ ၁၆ရက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရကြောင်း မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်နေပြီး အချိန်တစ်လခွဲခန့် ရှိလာသည်အထိ တရားခံ မပေါ်သေးပေ။

 “ဒီ(Wisdom Hill)ကျောင်းမှာကတော့ သူတို့က ခုလို အသက်ကို ခွဲခြားပြီးတော့ကျမှ ခုလို နေ့ကလေးထိန်းကျောင်းနဲ့ မူလတန်းကြိုကျောင်းကို ခွဲခွဲခြားခြား၊ သတ်သတ်မှတ်မှတ် မလုပ်ဘဲနဲ့၊ မတည်ထောင်ဘဲနဲ့ ရောပြီးတော့ လက်ခံထားတဲ့ အနေအထားမျိုး” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လညနေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်စိုးက ပြောသည်။

 ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၈တွင် မူကြိုကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများတွင် အသက် သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများသာ ဖြစ်ရမည် ဖြစ်သလို ကျောင်း၏ အကျယ်အဝန်းမှာလည်း ကလေးတစ်ဦးအတွက် ၁၈စတုရန်းပေး ရှိရမည်ဟူ၍ ပြဌာန်းထားသည်။

 ထို့ပြင် ကလေး ဆယ့်ငါးဦးလျှင် ဆရာမတစ်ဦးနှုန်း ရှိရမည်ဟူ၍ စသည့် စံချိန်စံညွှန်များလည်း သတ်မှတ်ထားသည်။

 အဆိုပါ ဥပဒေ ပုဒ်မ ၃၃(က)တွင်မူ တည်ထောင်ခွင့်ပြုမိန့် မရှိဘဲ ဖွင့်လှစ်ထားပါက ပြစ်မှုပြစ်ဒဏ်အဖြစ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ခြောက်လအထိ ကျခံရမည်ဟု ပြဌာန်းထားသည်။

 သို့သော် လက်ရှိတွင် ထိုကဲ့သို့ အရေးယူရန် မရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်စိုးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly