H1N1 ကြောင့် သေဆုံးသူများတွင် ရန်ကုန်တိုင်းမှာ ၁၈ ယောက် အထိ ရှိ

H1N1 ကြောင့် သေဆုံးသူများတွင် ရန်ကုန်တိုင်းမှာ ၁၈ ယောက် အထိ ရှိ
A(H1N1) ကြောင့် သေဆုံးသူတစ်ဦးအား သယ်ယူလာသည်ကို ဇွန် ၂၂ ရက်က ရန်ကုန်၊ ရေဝေးသုဿန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-EPA-EFE/NYEIN CHAN

ရန်ကုန်၊ ဇူလိုင် ၂ ။          ။ ၂၀၁၉ ခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါ(H1N1) ဖြစ်ပွားမှုကြောင့် ဇွန်လအတွင်း အများဆုံးသေဆုံးခဲ့ပြီး သေဆုံးသူ ၂၁ ယောက်တွင်  ရန်ကုန်တိုင်းမှ ၁၈ ယောက်အထိ ပါဝင်နေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီး (ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ) က ပြောသည်။

"မနေ့အထိ မှတ်တမ်းစာရင်းအရ ကချင်၊ကယား၊ ကရင် မတွေ့သေးပါဘူး ။ ရှမ်းအရှေ့လည်း မတွေ့သေးပါဘူး။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရောဂါပိုး တွေ့ရှိမှုတွေ ရှိလာပါပြီ။ တွေ့ရှိမှုမှာဆို ရန်ကုန်တိုင်းက အများဆုံးပါ။ သေဆုံးတဲ့ လူဦးရေက ၂၁ ယောက် ရှိပါတယ်။ ရန်ကုန်တိုင်းက သေဆုံးတဲ့ လူဦးရေက ၁၈ ယောက်ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယနေ့ ဇူလိုင် ၂ ရက်နေ့က မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)မှာ ပြုလုပ်ခဲ့သော “ ဆရာဝန်များအတွက် တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ” ဆေးပညာဟောပြောပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် သေဆုံးသူများမှာ ရန်ကုန်တိုင်းမှ ၁၈ ယောက်၊ စစ်ကိုင်းတိုင်းမှ ၂ ယောက်၊ ဧရာဝတီတိုင်းမှ ၁ ယောက် သေဆုံးခဲ့ခြင်း ဖြစ်ကာ H1N1 Positive ဖြစ်ပွားသူ ၆၉ ယောက်ကို ရန်ကုန်တိုင်းတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

လက်ရှိအချိန်ထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၉၉ ယောက် ရှိပြီး ရန်ကုန်ဆေးရုံကြီးမှ ၁၉ ယောက်၊ သင်္ဃန်းကျွန်း စံပြစျေးရုံမှ ၁၈ ယောက်၊ အခြားဆေးရုံတို့မှ ၃၆ ယောက် နှင့် မြစ်ကြီးနားဆေးရုံမှ ၆ ယောက် အစရှိသည့် ရောဂါပိုးသံသယရှိသူများ၏ နမူနာများကို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲကို ပို့ဆောင်ထားကြောင်း သိရသည်။

"H1N1 ကာကွယ်ခြင်းအပိုင်းမှာက နှစ်ခုပေါ့ ၊ ရောဂါဖြစ်စဉ်လေးကို နည်းနည်းလေး နားလည်ဖို့ လိုပါတယ်။ ရောဂါ စဖြစ်ပြီးဆိုတာနဲ့ ဒုတိယရက်မှာ နှာချေမယ် ၊ ချောင်းဆိုးမယ်၊ အဖျားတက်မယ်၊ အဲဒီအချိန် တုပ်ကွေးက နှာချေမယ် ၊ချောင်းဆိုးမယ်ဆိုတာနဲ့တပြိုင်နက်ထဲ ရောဂါပိုးက အပြင်ကို ထွက်ပါတယ်။ ၃ ပေ အတွင်းမှာဆို တိုက်ရိုက်ကူးနိုင်ပါတယ်။ ၃ ပေ ကျော်သွားရင် မြေပြင်အထိ ကျပါမယ်။ အရာဝတ္ထုတွေကို ကိုင်တွယ်မိတဲ့အခါမှာ ကျွန်တော်တို့လူမျိုးက နှာခေါင်းနှိုက်ပါတယ်။ အဲလိုမျိုး အခါကြရင် တုပ်ကွေးက နှာခေါင်းထဲကတစ်ဆင့် ကူးဆက်သွားနိုင်ပါတယ် "ဟု အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းဇော် (မြန်နိုင်ငံဆရာဝန်အသင်း၊ရန်ကုန်တိုင်းဒေသကြီး) က ပြောသည်။

လက်ရှိအချိန်အထိ သေဆုံးသူများအများစုမှ အမျိုးသားများဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းတွင် ၅၇ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုမှာ တစ်နှစ်အောက် သေဆုံးသူ ၁ ယောက်၊ ၁ နှစ်မှ ၅ နှစ်အတွင်း ၄ ယောက် ၊ ၅ နှစ်မှ ၁၅ နှစ်အတွင်း ၁ ယောက် ၊ ၁၅ နှစ်မှာ ၆၅ နှစ် အတွင်း ၆ ယောက် နှင့် ၆၅ နှစ်အထက်တွင် ၂ ယောက် ပါဝင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required