ရဲသွေးနီ အကြောင်း လူသိနည်းသည့် စိတ်ဝင်စားစရာ အချက် ၅ ချက်

ရဲသွေးနီ အကြောင်း လူသိနည်းသည့် စိတ်ဝင်စားစရာ အချက် ၅ ချက်

ONE Championship ပြိုင်ပွဲတွင် နိုင်ငံတကာမှ ကိုယ်ခံပညာမျိုးစုံကို တတ်မြောက်ကျွမ်းကျင်သော ပညာရှင် အများအပြား ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များလည်း အပါအဝင်ဖြစ်သည်။ သို့သော် လက်ဝှေ့ကြိုးဝိုင်းတွင်ရော၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကြိုးဝိုင်းထဲတွင်ပါ အောင်မြင်မှုရရှိနေသည့် မြန်မာကစားသမား အနည်းငယ်သာရှိပြီး ၎င်းတို့ထဲတွင် ရဲသွေးနီက တစ်ယောက်အပါအဝင် ဖြစ်သည်။ “အလဲထိုး ဘုရင်” ဟူသည့် အမည်နာမဖြင့်ပင် တင်စားခြင်းခံရသည့် ရဲသွေးနီနှင့် ပတ်သက်၍ လူသိနည်းသည့် စိတ်ဝင်စားဖွယ် အချက်များကို စုစည်းတင်ပြ လိုက်ရပါသည်။

(၁) ကယားပြည်နယ်တွင်မွေးသည့် ကရင်လေး

ရဲသွေးနီသည် မုဒုံမြို့တွင် ကြီးပြင်းခဲ့သည့် ကရင်လူငယ်လေး တစ်ဦးဖြစ်သော်လည်း ၎င်း၏ မွေးရပ်ဇာတိမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ဘော်လခဲ ကျေးရွာဖြစ်သည်။ ရဲသွေးနီ၏ဖခင်သည် စစ်မှုထမ်းတစ်ဦးဖြစ်သဖြင့် ဖခင်တာဝန်ကျရာ အရပ်ဒေသများသို့ မိသားစုလိုက် လှည့်လည်နေထိုင်ရင်း ကယားပြည်နယ် အရောက်တွင် ရဲသွေးနီကို မွေးဖွားခဲ့သည်။

မွေးချင်း လေးဦးအနက် တတိယရင်သွေးဖြစ်သူ ရဲသွေးနီသည် ကျောင်းနေသည့် အရွယ်သို့ ရောက်ရှိသည့်အခါ ကရင်ပြည်နယ်သို့ ပြန်လာပြီး မုဒုံမြို့၊ ဗျိုင်းနှစ်ကောင် တောရ၊ ဝင်းစိန်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ အဆိုပါ ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ခဲ့ပြီးမှ မိသားစုကို တစ်ဘက်တစ်လမ်းမှ ဝင်ငွေရှာပေးရန်အတွက် ကျောင်းထွက်လာခဲ့သူဖြစ်သည်။

(၂) စစ်သားဖြစ်ချင်ခဲ့သည့် လက်ဝှေ့သမား

မျိုးရိုးထဲတွင် လက်ဝှေ့သမားမရှိသည့် ရဲသွေးနီသည် ငယ်စဉ်က ဖခင်ကဲ့သို့ စစ်မှုထမ်းတစ်ဦးဖြစ်လိုသည့် ဆန္ဒရှိခဲ့ဖူးသည်။ ဖခင်ကဲ့သို့ ယူနီဖောင်းဝတ်ကာ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရသည့် စစ်သားဘဝကို ရဲသွေးနီ လိုချင်ခဲ့ဖူးသည်။

သို့သော် ဝင်းစိန် ဆရာတော်ကြီး မွေးနေ့ရောက်တိုင်း လက်ဝှေ့ပွဲများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်ကို သွားရောက်ကြည့်ရှုရင်း လက်ဝှေ့သမား ဖြစ်ချင်လာခဲ့သည်။ ရဲသွေးနီသည် ငယ်စဉ်က ဖိုးကေ၊ ဝင်းထွန်း၊ တွေ့မရှောင် တို့မှအစ၊ စောငမန်း၊ ရန်ကြီးအောင်တို့ အလယ်၊ စိုးလင်းဦး၊ သပြေညိုတို့ ခေတ်အထိ လက်ဝှေ့သမား အဆက်ဆက်ကို စဉ်ဆက်မပြတ် အားပေးလာခဲ့သည့် ပရိသတ်တစ်ဦလည်း ဖြစ်ခဲ့သည်။

မုဒုံသား ကလပ်တွင် သမိန်သော်တာ၊ ရဲသွေး စသည့် နည်းပြများ၏ လေ့ကျင့်ပေးမှုကြောင့် အလားအလာ ကောင်းသည့် လက်ဝှေ့သမား တစ်ဦး ဖြစ်လာခဲ့ပြီး တောင်ကလေး ကလပ်သို့ ပြောင်းရွှေ့ခဲ့ပြီး သည့်နောက်တွင် ရဲသွေးနီဆိုသည့် နာမည် တဟုန်ထိုး ကျော်ကြားလာခဲ့သည်။

(၃) လက်ဝှေ့ကို လုံးဝအားမပေးသည့် မိခင်

ရဲသွေးနီ လက်ဝှေ့သမား တစ်ယောက် ဖြစ်လာစေရန် ဖြတ်သန်းခဲ့ရသည့် အခက်အခဲများထဲတွင် အကြီးမားဆုံး တစ်ခုမှာ မိခင်ဖြစ်သူ၏ တားဆီးမှု ဖြစ်သည်။ ဖခင်ဖြစ်သူက ရဲသွေးနီကို မြေတောင်မြှောက် အားပေးခဲ့ပြီး လက်ဝှေ့သင်တန်းကျောင်း အထိ ကိုယ်တိုင်လိုက်အပ် ပေးခဲ့သော်လည်း မိခင်က ခါးခါးသီးသီးပင် ငြင်းဆန်တားမြစ်ခဲ့သည်။

ငယ်စဉ်က သားဖြစ်သူ လက်ဝှေ့သွားထိုးတိုင်း တုတ်တစ်ချောင်းဖြင့် အိမ်တွင်စောင့်နေတတ်သူ မိခင်က လက်ဝှေ့ကို မစွန့်လွှတ်နိုင်လျှင် အိမ်သို့လုံးဝ ပြန်မလာရန်ပင် ပြောခဲ့ဖူးသည်။ ရဲသွေးနီကို လက်ဝှေ့ကလပ်သို့ သွားအပ်သည့် အချိန်ကဆိုလျှင် မိခင်မသိအောင် သားအဖနှစ်ယောက် တိတ်တဆိတ် အိမ်မှခိုးထွက်ပြီး သွားအပ်ပေးခဲ့ရခြင်း ဖြစ်သည်ဟုလည်း ရဲသွေးနီက အင်တာဗျူး များတွင် ပြောပြလေ့ရှိသည်။

 လက်ရှိအချိန်တွင် အောင်မြင်မှုများအလီလီရရှိပြီး သည့်နောက် မိခင်ဖြစ်သူက ယခင်လို တားမြစ်ခြင်း မရှိတော့သော်လည်း ဒဏ်ရာများဖြင့် ပြန်လာသည့် အချိန်တိုင်း မျက်ရည်များဖြင့် ပြုစုကုသပေးလေ့ရှိသည်။

(၄) လက်ဝှေ့ကြိုးဝိုင်းတွင် တစ်ကြိမ်သာ အလဲထိုးခံရဖူးသူ

ရဲသွေးနီ၏ ကစားသမား သက်တမ်းတစ်လျှောက် ပြိုင်ဘက်များကို အကြိမ်ကြိမ် အလဲထိုးကာ အနိုင်ယူခဲ့သော်လည်း ၎င်းကိုယ်တိုင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သည့်ပွဲ အလွန်ရှားပါးသည်။ လက်ဝှေ့ကြိုးဝိုင်းအတွင်း ၎င်း၏ ရှားရှားပါးပါး ရှုံးပွဲတစ်ပွဲမှာ မိုက်ရိုင်းကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး မျက်ခုံးကွဲသွားသဖြင့် ဆေးရှုံးနှင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ရဲသွေးနီ၏ ပထမဆုံး ONE Championship ပွဲတွင် ထိုင်းကစားသမား Pongsiri Mitsatit ကို ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၇ လအကြာတွင် ကရင်ပြည်နယ်တွင် DKBA ၂၂ နှစ်မြောက် မွေးနေ့အဖြစ် လက်ဝှေ့ပွဲများ ကျင်းပရာ ထိုင်းနိုင်ငံမှ Mitsatit ကို ဖိတ်ခေါ်ပြီး လက်ဝှေ့ကြိုးဝိုင်း အတွင်း ရဲသွေးနီနှင့် ပြန်လည်ယှဉ်ပြိုင်စေခဲ့သည်။ ယင်းပွဲတွင်တော့ ရဲသွေးနီက ဒုတိယအချီတွင်ပင် အလဲထိုးကာ ဘန်ကောက်မှ ရှုံးကြွေးကို ပြန်ဆပ်ခဲ့သည်။

ရဲသွေးနီ၏ တစ်ပွဲတည်းသော အလဲထိုးခံရသည့် ပွဲမှာ ပြီးခဲ့သည့် မေလက ဂျပန်နိုင်ငံတွင် ထိုးသတ်ခဲ့သော ပွဲဖြစ်ပြီး အိမ်ရှင် ကစားသမား Makoto ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

(၅) ချန်ပီယံခါးပတ် အများဆုံးကစားသမား

တစ်ချိန်က လေးထပ်ကွမ်း ချန်ပီယံဟု နာမည်ကြီးခဲ့သည့် ဝင်းထွန်း၏ ချန်ပီယံခါးပတ် အများဆုံးစံချိန်ကို ချိုးဖျက်ခဲ့သူမှာ ရဲသွေးနီ ဖြစ်သည်။ ရဲသွေးနီသည် ပြိုင်ပွဲအရပ်ရပ်တွင် ချန်ပီယံ ခါးပတ်ပေါင်း ၆ ခုအထိ သိမ်းပိုက်ထားပြီး လက်ရှိ ချန်ပီယံ ခါးပတ်အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

ယင်းခါးပတ်များထဲတွင် ပြည်တွင်းပြိုင်ပွဲများ အနိုင်ယူကာရရှိထားသည့် ရွှေခါးပတ်များ ပါဝင်သလို ဂျပန်နိုင်ငံအထိ သွားရောက်ကာ အိမ်ရှင်နိုင်ငံသားကို အလဲထိုးပြီးရယူခဲ့သည့် ရွှေခါးပတ်လည်း ပါဝင်ခဲ့သည်။ ရဲသွေးနီသည် ဂျပန်လက်ဝှေ့အကျော်အမော်များနှင့် ယှဉ်ပြိုင်ထိုးသတ်ရာတွင် နှစ်ကြိမ်အနိုင်ရထားပြီး မေလအတွင်းက နောက်ဆုံးထိုးသတ်ခဲ့သည့် ပွဲတစ်ပွဲတွင်သာ ရှုံးနိမ့်ထားသည်။

၎င်းသည် ONE Championship ၏ မြန်မာ ဖလိုင်းဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ ပြီးမှ ဒဏ်ရာကြောင့် ဆက်လက် ယှဉ်ပြိုင်ရန် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ သို့သော် ယင်းပွဲတွင် ဗိုလ်စွဲခဲ့သည့် စောမင်းမင်းကို နောက်တစ်ပွဲတွင် အနိုင်ယူနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly