အသက် ၁၂ နှစ် အောက်ကလေးများအတွက် " စာသင်သားအသက်အာမခံ” ထားနိုင်ပြီ

အသက် ၁၂ နှစ် အောက်ကလေးများအတွက် " စာသင်သားအသက်အာမခံ” ထားနိုင်ပြီ
ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၂ ။       ။ အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအတွက် “စာသင်သား အသက်အာမခံ” ကို စတင်ထားရှိနိုင်ပြီ ဖြစ်ကြောင်း GGI အာမခံကုမ္ပဏီမှ သိရသည်။

အဆိုပါ အာမခံကို အသက် ၁ နှစ် ( ၃၀ ရက်သား) မှ ၁၂ နှစ်အရွယ် ကလေးများအထိ မိဘများမှ ဝယ်ယူထားရှိနိုင်မည်ဖြစ်ပြီး အာမခံကြေးပေးသွင်းရသည့် သက်တမ်းသည် ၅ နှစ်မှ ၁၆ နှစ်ဖြစ်သည်။

Grand Guardian Life Insurance Company Limited (GGLI) မှ စာသင်သားအသက်အာမခံဟု ခေါ်သည့် အာမခံသစ်ကို ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ကလေးသူငယ်များအတွက် မိဘများ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် အဆိုပါ အာမခံမိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကလေးအာမခံ ပထမဆုံး ဖြစ်သည်။

စာသင်သားအသက်အာမခံသည် အာမခံ ဝယ်ယူထားသည့်ကလေးများ၏ ပညာရေးစရိတ်အတွက် အသက် ၁၇ နှစ်မှ စတင်ကာ ၂၀ နှစ်အရွယ်အထိ အကျိုးခံစားခွင့်ရရှိမည်လည်း ဖြစ်သည်။

“အဲဒီဆိုတော့ ကောင်းတာပေ့ါ။ အာမခံချက်တစ်ခုခုရှိထားသလိုဖြစ်တော့လေ” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မိခင်တစ်ဦးဖြစ်သူ မဖူးလဲ့ဝေက ဆိုသည်။

အာမခံ ထားရှိနိုင်သည့် ငွေပမာဏမှာ အနည်းဆုံး (၁၀) သိန်းကျပ်မှ အများဆုံး ကျပ်သိန်း(၁၀၀၀) အထိဖြစ်ပြီး ပရီမီယံ ပေးသွင်းခြင်းကို (၁) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ် ပြုလုပ်နိုင်ကြောင်း ကုမ္ပဏီဘက်မှ သိရသည်။

စာသင်သားအသက်အာမခံတွင် အဆိုပါအချိန်တွင် ဝယ်ယူပေးခဲ့သည့် မိဘများမရှိနိုင်လျှင်လည်းကောင်း၊ ကလေးမှာ မသန်စွမ်းဖြစ်ခဲ့လျှင်သော်လည်းကောင်း အာမခံကြေးကို ဆက်လက်ပေးသွင်းစရာမလိုအပ်တော့ဘဲ အကျိုးခံစားခွင့် ရရှိသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly